ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦး အဖမ်းခံရ

0
137

ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦးကို မေလ ၂၉ ရက်နေ့က သောကြာပြင်ရွာအနီးတွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။

ကိုဖြိုးဝေဦးမှာ အင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဖြစ်ပြီး အင်ဂျင်နီယာနှင့် ပညာရေးသပိတ်စစ်ကြောင်းတွင် အမြဲလို လိုက်ပါနေသူ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည်။

မေလ ၂၉ ရက်က မောင်းမကန်လမ်းပေါ်တွင် တပ်ကောင်စီ၏အဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ကိုဖြိုးဝေဦးမှာ ၎င်းတို့ အလိုရှိနေသူဖြစ်သဖြင့် တစ်ခါတည်းဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက မနေ့ကအထိ တရားရုံး အချုပ်မှာ‌ရှိနေတယ်၊ ရုံးထုတ်နေတာ တွေ့လိုက်တယ်၊ အခုတော့ ထောင်ချုပ်ကိုရောက်သွားပြီ” ဟု မိသားစုဝင်က ဆိုသည်။

ကိုဖြိုးဝေဦးကို ၅၀၅ (က)၊ ၅၀၅ (ဂ) အမှုနှစ်ခုဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည်အပြင် မည်သည့်နေ့တွင် ရုံးထုတ်မည်ကိုလည်း မသိရသေးကြောင်း မိသားစုဝင်က ပြောသည်။

ကိုဖြိုးဝေဦးနှင့်အတူ အဖော်အမျိုးသားတစ်ဦးကိုလည်း ဖမ်းမိခဲ့ပြီး ၎င်းကိုမူ ဆန္ဒပြပွဲတွေနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း ကိုဖြိုးဝေဦးက သက်သေခံပြောဆိုပေးခဲ့သဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်က ပြောသည်။