ထားဝယ်တက္ကသိုလ် ဆရာ၊ ဆရာမ နှင့် ဝန်ထမ်း ၁၅၀ နီးပါး အလုပ်ထုတ်ခံရ

0
144

ထားဝယ်တက္ကသိုလ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် ဆရာ၊ ဆရာမ ၁၀၈ ဦး၊ ဝန်ထမ်း ၄၀ ဦး စုစုပေါင်း ၁၄၈ ဦးအား ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယင်းတက္ကသိုလ် စီမံဌာနထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်တွင် ဆရာ၊ ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း ၃၈၀ ခန့်ရှိသည့်အနက် ၁၄၈ ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အစကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကို သိထားပြီးဖြစ်တဲ့အတွက် ဘာမှတော့ အထွေအထူးမခံစားရပါဘူး။ ဘယ်သူ့တိုက်တွန်းချက်ကြောင့်မှမပါဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာပါ” ဟု အလုပ်မှ ထုတ်ပယ်ခံရသည့် ယင်းတက္ကသိုလ်က ဆရာမတစ်ဦးက ဆိုသည်။

ယင်းရာထူးမှထုတ်ပယ်သည့်စာရင်းကို ပညာရေးဝန်ကြီးဌာနက မေလ ၂၀ ရက်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ခွင့်စည်းကမ်းဖောက်ဖျက်ခြင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွန်ကြားစာများကို လိုက်နာရန်ပျက်ကွက်သဖြင့် ထုတ်ပယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထားဝယ်တက္ကသိုလ်နည်းတူ မြိတ်တက္ကသိုလ်တွင်လည်း မေလ ၂၀ ရက် ရက်စွဲဖြင့် ဆရာ၊ ဆရာမ ၆၃ ဦးနှင့် ဝန်ထမ်း ၃၃ ဦး စုစုပေါင်း ၉၆ ဦးအား ရာထူးမှ ထုတ်ပယ်ထားသည်။

မြိတ်တက္ကသိုလ် ထုတ်ပယ်သည့် စာရင်းကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အလုပ်ထုတ်ခံရသော ဆရာ၊ ဆရာမတို့သည် နေရေး၊ ထိုင်ရေး အခက်အခဲဖြစ်နေကြောင်း ဆရာ၊ ဆရာမ အချို့က ပြောသည်။