ကံပေါက်ဒေသရှိ ကျန်းမာရေးမှူး အပါအဝင် ဇာဒီရွာသားနှစ်ဦး အဖမ်းခံရ

0
156

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ကျန်းမာရေးမှူး အပါအဝင် ဇာဒီရွာသားနှစ်ဦးကို ရဲနှင့် စစ်တပ်က မေလ ၃၁ ရက် ညက ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်းနှင့် အသက် ၃၁ နှစ်အရွယ်ရှိ ဒေါ်သီသီမာတို့ကို ယမန်နေ့ည ၁၀ နာရီခန့်က ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ဦးအောင်မင်းမှာ ကျန်းမာရေးမှူးအဖြစ်မှ အနားယူထားသည်မှာ ငါးနှစ်ခန့်ကြာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်သီသီမာကို ကံပေါက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး ဦးအောင်မင်းကိုမူ ခြေလျင်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“သူတို့အိမ်နှစ်ဆောင်က မျက်စောင်းထိုးမှာရှိတယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇာဒီကျေးရွာသည် ထားဝယ်မြို့မှ မိုင် ၆၀ ခန့် အကွာအဝေးတွင် တည်ရှိသည်။