ဦးမြင့်မောင်အား ဘေးစီမံဥပဒေဖြင့် ထပ်တရားစွဲ

0
148

တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အား ဘေးစီမံဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲထားပြီး ဧပြီလ ၂၉ ရက်နေ့ ရုံးချိန်းကို မစစ်ဆေးဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

ဦးမြင့်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် ကော့သောင်းမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ စွဲဆိုထားသည့်အတွက် တရားလိုဘက်မှ ထားဝယ်မြို့နယ်တရားရုံးသို့ ပြောင်းရွေ့စစ်ဆေးရန် လျှောက်ထားသည်ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

တရားစွဲအဖွဲ့အစည်းမှ တိုင်းတရားလွှတ်တော်ထံ ရုံးပြောင်းလျှောက်ထားခြင်းဖြစ်ပြီး ယင်းအမှုကိုကြားနာရန် လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုအား မစစ်ဆေးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ထားဝယ်မြို့နယ်တရားရုံးမှာ လက်ရှိရှိနေတဲ့အမှုကို တောင်းခေါ်လိုက်တယ် တိုင်းဒေသကြီးတရားလွှတ်တော်မှာ ကြားနာပြီးမှ အမှုဆက်ပြီးတော့ စစ်ဆေးမှာ ဖြစ်တဲ့အတွက် မေလ ၁၃ ရက်နေ့ကို ပြန်ချိန်းတယ်” ဟု ယင်းတရားလွှတ်တော်ရှေ့နေက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် ဆက်လက်စစ်ဆေးရန် လျာထားခဲ့ခြင်းဖြစ်သည်။

ဦးမြင့်မောင်အမှုကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး အမှုအား ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရန် CMP အစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ခ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။