မွန်တွင် ကိုဗစ်လူနာ ၃ ဦးတွေ့

0
210
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် သထုံမြို့ရှိ ညောင်လေးပင်ဘုန်းပြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသည်ဟု သထုံမှ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

သထုံမြို့ နန်းခဲရပ်ကွက်ရှိ ညောင်လေးပင်ဘုန်းကြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတစ်ဦးတို့သည် သီတင်းတစ်ပတ်ခန့် အနံ့မရဖြစ်ကြရာမှ ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။

ကိုဗစ်ပိုးတွေ့ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတို့ကို ကိုဗစ်အတည်ပြုလူနာများထားရှိရာ မော်လမြိုင် တပ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

“ပိုးတွေ့ သံနှစ်ပါးနဲ့ အမျိုးသမီးကို ကျွန်တော်တို့အသင်းက မော်လမြိုင် (၅၃၅) တပ်ကို ပို့ဆောင်ပေးခဲ့တယ်” ဟု အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့အသင်း တာဝန်ရှိသူက ပြောသည်။

ပိုးတွေ့လူနာတွေ့ရှိခဲ့သည့် ညောင်လေးပင်ဘုန်းကြီးကျောင်းကို လော့ဒေါင်းချထားပြီး ပိုးတွေ့လူနာတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း ကန့်သတ်စောင့်ကြည့်နေသည်ဟုလည်း သိရသည်။

မွန်ပြည်နယ်တွင် တပ်အာဏာမသိမ်းခင်အချိန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့သည်။

တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်းက ကိုဗစ်လက္ခဏာပြသူများအား ရောဂါပိုးရှိ မရှိ စစ်ဆေးမှု ရပ်ဆိုင်းသွားသည့်အတွက် ကိုဗစ်ပိုးတွေ့ရှိမှုလည်း မရှိဖြစ်လာခဲ့သည်။