သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု တရားလိုပြစစ်ဆေး

0
157

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီတရားစွဲဆိုထားပြီး ဧပြီလ ၂၇ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုအား အချိန်ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။

အဆိုပါအမှုတွင် တရားလို အပါအဝင် လိုပြသက်သေ ၈ ဦးတင်သွင်းထားကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

နောက်ရုံးချိန်းကို မေလ ၆ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။

“လာမယ့်ရုံးချိန်းမှာ ကျန်ရှိတဲ့ တရားလိုပြသက်သေတွေ ဆက်ပြီးစစ်ဆေးမယ်” ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ နှစ်ဦးကို တစ်မှုနှင့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကို တစ်မှု သီးခြားစီတရားစွဲတင်ထားကြောင်း ၎င်းက ပြောသည်။

၎င်းဆယ်ဦးစလုံးကို ဧပြီလ ၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅- က၊ ၅၀၅(ဂ) တို့ဖြင့် သီးခြားစီတရားစွဲဆိုထားခြင်းဖြစ်သည်။

အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကိုမူ အခြားတရားလွှတ်တော်ရှေ့နေတစ်ဦးက သီးခြားကူညီ ဆောင်ရွက်နေပြီး ၎င်းအား တရားရုံးအာမခံပေးထားသည်။