မော်လမြိုင်တွင် ငွေထုတ်ရန် ဘဏ်ရှေ့တန်းစီနေစဉ် သေနတ်ဖောက်

0
253

မော်လမြိုင်မြို့ Ocean ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ငွေထုတ်ရန် တန်းစီနေစဉ် ဘဏ်လုံခြုံရေးယူနေသော ရဲမှ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူတို့၏ ပြောပြချက်အရ သိရသည်။

ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင် Ocean ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ငွေထုတ်ရန် တန်းစီနေသည့်လူ ရာနှင့်ချီရှိနေခဲ့သည်။

“Ocean ပတ်လည်မှာ လူအပြည့်ပဲ တန်းစီနေကြတယ် လူတွေကလည်း တဖြည်းဖြည်းများလာတော့ တိုးကြ၊ ဘာကြဖြစ်တော့ အဲမှာ ရှိနေတဲ့ ရဲကနေ သေနတ်ဖောက်လိုက်တယ် လူတန်းကြီးကို ထိန်းနိုင်ဖို့ ခြိမ်းခြောက်ပစ်လိုက်တဲ့သဘောပါ” ဟု အဆိုပါနေရာသို့ ငွေထုတ်ရန် ရောက်ရှိနေသူတစ်ဦးက ပြောသည်။

မော်လမြိုင်တွင် ပုဂ္ဂလိက ဘဏ်အချို့ဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်တို့က ဧပြီလဆန်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်။

ငွေထုတ်သူ နေ့စဉ်များပြားလာသည့်အတွက် ဘဏ်ခွဲတိုင်းတွင် နံနက် ၄ နာရီမှစပြီး တိုကင်ရရှိရန် လာရောက် တန်းစီစောင့်ဆိုင်းနေကြသူများရှိသလို တချို့ကလည်း ညဦးပိုင်းကတည်းက စောင့်နေကြသည်ဟု ကိုယ်တိုင်တန်းစီခဲ့ကြသူတို့၏ ပြောပြချက်အရ သိရသည်။