ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ခေါင်းတလားထဲ ငုံ့ကြည့်ပြီး မျက်နှာပေါ်ရုံလေး အပေါက်ဖွင့်ထားတဲ့ ခေါင်းထဲက ရုပ်အလောင်းကို သူ့လက်ညိုးနဲ့ သွားသွားတို့နေပါတယ်။ ခွပ်ဒေါင်းပုံပါအနီရောင်အလံအုပ်ထားတဲ့ ခေါင်းတလားရဲ့ဘေးမှာ အဋ္ဌမတန်းကျောင်းသူ တစ်ဦး မျက်ဝန်းထဲ မျက်ရည်အပြည့် နဲ့ပါ။

ဘေးနားကသူနဲ့အရွယ်တူလောက် ရှိတဲ့ မိန်းကလေးတစ်ယောက်ကလည်း သူ့ကို အဖော်ပြုပေးနေပါတယ်။ သူငုံ့ ကြည့်နေတဲ့ခေါင်းတလားထဲမှာတော့ သူ့အဖေ ကိုလွင်လွင်ဦးရဲ့ အသက်မဲ့ ရုပ်အလောင်းတစ်ခု။

မကြာခင်မှာကိုလွင်လွင်ဦးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ကြတော့မှာဖြစ်တယ်။ အသုဘလိုက်ပို့မယ့် သူတွေကလည်း အိမ်ထဲ၊ ခြံထဲ၊ လမ်းထဲမှာ အသင့်ရောက်နေကြပြီ။

ကိုကိုလွင်ဦးဟာ ဆန္ဒပြထားဝယ်သပိတ်စစ်ကြောင်းမှာလိုက်ပါရင်း လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်ခံရတာကြောင့် ထားဝယ်ဥတ္တံတားကြီးလမ်းဆုံ မှာ ကျဆုံးသွားခဲ့ရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

“သားဆုံးသွားတာကိုသိလိုက်တဲ့အချိန်မှာ ရူးသလိုတောင်ဖြစ်ပြီးတော့ အိမ်ရှေ့အိမ်နောက်ပတ်ပတ်ပြီးပြေး။ သမီးတွေကိုခေါ် နင့်အစ်ကိုဆုံးသွားပြီပေါ့။ အဒေါ်ယုံတောင်မယုံနိုင်ဘူး” လို့ ကိုလွင်လွင်ဦးရဲ့ အမေ ဒေါ်ယဉ်ကျေးက ဆိုပါတယ်။

ဒေါ်ယဉ်ကျေးမှာ သားသမီး သုံးဦးရှိတဲ့အထဲက ကိုလွင်လွင်ဦးက အကြီးဆုံး။ သားသမီးအားလုံး အိမ်ထောင်ကျ သွားပြီဖြစ်ပေမယ့် အားလုံးအတူတူ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ထဲက အိမ် မှာပဲ တစ်စုတစ်စည်းတည်း နေထိုင်ကြပါတယ်။

ကိုလွင်လွင်ဦးရဲ့နောက်ဆုံးခရီးကို လိုက်ပို့တဲ့နေ့က မိသားစုဝင်တွေစိတ်ထဲ မှာစိုးရိမ်နေတာတစ်ခုရှိပါတယ်။ လူအုပ်ကြီးနဲ့ လိုက်ပို့ကြရင် ဖြိုခွင်းခံရလို့ အသုဘအခမ်းအနား ပျက်သွားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

အသုဘပို့မယ့်နေ့ မတိုင်ခင်တစ် ရက်အလိုက ထားဝယ်သပိတ်စစ်ကြောင်းက သူတွေ ကိုလွင်လွင်ဦး ရုပ် အလောင်းကို လာရောက်ဂါရဝပြုတဲ့ အချိန် နာရေးအိမ်ရှိတဲ့ လမ်းထဲ ရဲတပ်ဖွဲ့ ကနေ မျက်ရည်ယိုဗုံးတွေ ပစ်ခဲ့ပါတယ်။ ဒါကြောင့် အသုဘချတဲ့နေ့မှာ ဒီလို ထပ်ဖြစ်မှာကို စိတ်ပူကြတာပါ။

ဒါပေမယ့် အေးအေးချမ်းချမ်းနဲ့ပဲ ကိုလွင်လွင်ဦးရဲ့အသုဘကို လူပေါင်း ထောင်ချီလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ အသုဘပို့တဲ့လမ်းတစ်လျှောက်မှာလည်း လက်သုံးချောင်းထောင်ပြီး ကြိုဆို နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။

ထားဝယ်မြို့မှာ ကိုလွင်လွင်ဦးရဲ့နောက်ဆုံးခရီးကိုပို့ဆောင်တဲ့ မတ်လ ၃ ရက်မှာပဲ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာက ကိုဗညားအောင် ရဲ့ နောက်ဆုံးခရီးကိုလည်း ပို့ဆောင်ခဲ့ပါတယ်။ ကိုဗညားအောင်လည်း သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်ခံရပြီး ကျဆုံးသွားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် ထားဝယ်မြို့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြို ခွင်းရာမှာ အနည်းဆုံးလူလေးဦးသေဆုံးခဲ့ပါတယ်။ သူတို့တတွေကတော့ ထားဝယ်မြို့က ကိုလွင်လွင်ဦးနဲ့ ကိုသန်းဝင်း၊ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာက ကိုဗညားအောင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်း ရွာက ကိုဖေသန်းတို့ ဖြစ်ပါတယ်။

ကိုဗညားအောင်ရဲ့နောက်ဆုံးခရီးမှာတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကဗျာရွတ်တာတွေ၊ ကမ္ဘာမကြေဘူး သီချင်းသီဆိုတာတွေ လုပ်ဆောင်ခဲ့သလို အမှတ်တရအုတ်ဂူတစ်ခုကိုတည်ဆောက် ပြီး ကိုဗညားအောင်ရဲ့အရိုးပြာကို ထည့်သွင်း သင်္ဂြိုလ်ခဲ့ပါတယ်။

“ဖြစ်တဲ့အချိန် (သေနတ်ပစ်ခံရလို့ ဆုံးသွားပြီလို့ကြားရတဲ့အချိန်) ငါ့သား သေသွားတာ တကယ်ပဲလားဆိုပြီး သို့လောသို့လောနဲ့ နောက်မှ အတိအကျ သိလိုက်ရတော့ ယူကြုံးမရတော့ဖြစ်သွားတယ်” လို့ ကိုဗညားအောင်ရဲ့ အဖေ ဦးလှအင်က ဆိုပါတယ်။

ကိုဗညားအောင်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ခင်ကြည်ကတော့ သူသားအလောင်း အိမ်သယ်လာတဲ့အချိန်မှာပဲ ဒီမိုကရေးစီရရှိရေးအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့သူ့သားအလောင်းကို ဂုဏ်ယူစွာ နဲ့ အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသူ လေးဦး၏ ဈာပန ရုပ်သံကို အောက်ပါ QR Code များ စကင်ဖတ်၍ ကြည့်ရှုနိုင်ပါသည်။

ကိုဗညားအောင်
ကိုလွင်လွင်ဦး
ကိုလွင်လွင်ဦး
ကိုသန်းဝင်း
ကိုဖေသန်း (ခ) နော်ငို

“အဖွားကိုယ်တိုင်ကလည်း ရောက်လာတာနဲ့အလေးပြုတယ်။ ငါ့သားကို ဂုဏ်ပြုတယ်” လို့ ဒေါ်ခင်ကြည်က ဆို ပါတယ်။

မူလတန်းအရွယ် သားသမီးနှစ်ဦး ကိုထွေးပိုက်ပြီး ကိုဗညားအောင်ရဲ့ ဇနီးဖြစ်သူကတော့ မီးတောက်ကြားထဲ က ကိုဗညားအောင်အလောင်းကိုကြည့် ပြီး အော်ငိုနေပါတယ်။

ထားဝယ်မြို့က ကိုသန်းဝင်းရဲ့ရုပ် အလောင်းကိုတော့ မတ်လ ၁ ရက်မှာ တပ်မတော်ဆေးရုံမှာ အလောင်းသွား ထုတ်လာပြီးတာနဲ့ အဲဒီနေ့မှာပဲ အစ္စလာမ် ဥယျာဉ်တော်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

အလောင်းသွားထုတ်ပြီး သင်္ဂြိုလ် တဲ့နေ့က ကိုသန်းဝင်းရဲ့မိခင်ဟာ သားဇောကပ်ပြီး မကြာခဏ မူးမေ့လဲခဲ့ ပါတယ်။

မူးမေ့လဲပြီး သတိရလာတဲ့အချိန်တိုင်း “ငါ့သားဘယ်မှာလဲ၊ ငါ့သား ကိုခေါ်ပေး” လို့ တောင်းဆိုတာကိုကြားရ တဲ့သူတွေ မျက်ရည်လည်နေတာကို တွေ့ခဲ့ရပါတယ်။

ပုဂေါဇွန်းရွာက ကိုဖေသန်းရဲ့နောက်ဆုံးခရီးကိုတော့ မတ်လ ၂ ရက်မှာ သဂြိုလ်ပါတယ်။ ကိုဖေသန်းရဲ့ ဈာပန အခမ်းအနားကို ပုဂေါဇွန်းရွာက ဘုန်း ကြီးကျောင်းမှာပြင်ဆင်ထားပါတယ်။ သူ့ကိုနောက်ဆုံးအနေနဲ့ ဂုဏ်ပြုဖို့ ရောက်လာကြတဲ့သူတွေက လွမ်းသူ့ ပန်းခွေတွေယူလာပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ တဖွဲဖွဲလာရောက်လာကြပါတယ်။

အလောင်းပြင်ထားတဲ့နေရာရဲ့ခေါင်းရင်းနေရာမှာတော့ ကိုဖေသန်းရဲ့အဖေနဲ့ အမေတို့က ထိုင်ပြီး ဧည့်သည်တွေကို ဧည့်ခံစကားပြောနေပါတယ်။ ကိုဖေသန်း ရဲ့အမေက လေဖြတ်ထားတာကြောင့် လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေပါတယ်။

အဖြူစိမ်းယူနီဖောင်းနဲ့ ကျောင်း ဆရာမတစ်ယောက် ဘီးတပ်ကုလား ထိုင်ပေါ်မှာထိုင်နေတဲ့ ကိုဖေသန်းအမေရင်ခွင်ထဲတိုးဝင်ပြီး ငိုနေတဲ့မြင်ကွင်းကို မြင်ရသူတိုင်း မျက်ရည်လည်ခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းဝင်းရဲ့ တစ်နေရာမှာတော့ အဖြူရောင်သင်ပုန်းပေါ်မှာ ဝမ်းနည်း ခြင်းရင်တွင်းစကားတွေ ရေးပြီးကပ် ထားကြပါတယ်။

“တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ရရှိရေးအတွက် လိုလားရှိတဲ့သားအတွက် ဂုဏ်ယူပါတယ်” လို့ ကိုဖေသန်းရဲ့အဖေ ဦးစီခက ဆိုပါတယ်။

ငယ်ငယ်က အငိုသန်လို့ ငယ်နာမည် နွန်ငိုလို့ပေးထားတဲ့ ကိုဖေသန်းဟာ မိဘနှစ်ပါးရဲ့ဝေယျစ္စတွေကို နေ့တိုင်း လုပ်ပေးပြီးမှ ဆန္ဒပြစစ်ကြောင်းနဲ့ လိုက်ပါဖို့ ထားဝယ်ကိုသွားလေ့ရှိတယ် လို့ဆိုပါတယ်။

အခုတော့ လေဖြတ်နေတဲ့ ဘီးတပ် ကုလားထိုင်ပေါ်ကအမေကြီးကို ကိုဖေသန်း မပြုစုပေးနိုင်တော့ပါဘူး။ ကိုဗညားအောင်ရဲ့ မူလတန်းအရွယ် ကလေးနှစ်ဦး မှာ ခေါ်စရာအဖေမဲ့ခဲ့ရသလို ကိုလွင်လွင်ဦး ရဲ့ သမီးအဋ္ဌမတန်းကျောင်းသူလေးမှာလည်း ခေါ်စရာအဖေ မဲ့ခဲ့လေပြီ။ ကိုဖေသန်းရဲ့မိသားစု ထမင်းဝိုင်းမှာ လည်း လူမစုံတော့ပေ။

“ဗညားအောင် မိသားစုတွေကွဲပြား ကြသလိုမျိုး မကွဲပြားကြပါစေနဲ့လို့ အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ ဆုတောင်းပါတယ်” လို့ ကိုဗညားအောင် ရဲ့ မိခင်က မျက်ရည်ဝေ့ပြီး ပြောလိုက် ပါတယ်။

ကျော်သူစိုး