ဖမ်းဆီးထားသည့် မြိတ် ကျောင်းသားခေါင်းဆောင် ပုဒ်မနှစ်ခုဖြင့် တရားစွဲထား

0
242
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် လေးဦးအနက် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသူအောင်အား ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ဇနီးဖြစ်သူ ဒေါ်ရှင်ဌေးက ပြောသည်။

ဒေါ်ရှင်ဌေးသည်လည်း အာဏာသိမ်းသည့် နေ့ကအဖမ်းခံရကာ ပြန်လည် လွှတ်မြောက်လာသူဖြစ်သည်။

ဦးမိုးသူအောင်ကို ပုဒ်မ ၁၄၄(လူစု လူဝေးပြုလုပ်မှု)၊ ပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းနှင့်အတူ အဖမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုတူးတူး၊ ကိုချမ်းမြေ့နိုင်၊ ကိုရဲကျော်ဖြိုး တို့ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း ဒေါ်ရှင်ဌေးက ပြောပြသည်။

ဖမ်းဆီးထားသူများအား လက်ရှိ မြိတ်ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့်အပတ်တွင် ရုံးထုတ်စစ်ဆေးမည် ဟု သိရှိရကြောင်း ၎င်းက ဆိုသည်။

“ဒီအလုပ်လုပ်ရင် ဒီလိုမျိုးဖြစ်မယ် ဆိုတာ သိပြီးသား။ ထောင်ထဲရောက်သူ က ရောက်သွားပြီ။ အပြင်မှာရှိနေသေးတဲ့ လူတွေက ဆက်လုပ်သွားဖို့ပဲ လိုတယ်” ဟု ဒေါ်ရှင်ဌေးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်ညကလည်း မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီး မတ်လ ၅ ရက်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးကြောင်း ၎င်း၏မိသားစုဝင်များက ပြောသည်။