၀န်ကြီးချုပ် ဦးမြင့်မောင် ပုဒ် ၅၀၅ ဖြင့် အမှုဖွင့်ခံရ

0
201
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ် အများဆုံး ၂ နှစ်အထိ ဖြစ်စေ ချမှတ်နိုင် သည်။

အာဏာသိမ်းပြီးနောက် ဝန်ထမ်းများအား အလုပ်ပိတ်ရက်အဖြစ် ထုတ်ပြန် ကြေညာသည့်အတွက် ယင်းကဲ့သို့ အမှုဖွင့်ခံရ ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်စန်းဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။

လက်ရှိတွင် ဦးမြင့်မောင်အား ထားဝယ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသည်ဟု သိရသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

NLD ပါတီ ပြန်ကြားရေးအဖွဲ့ အခြားတာဝန်ရှိသူတစ်ဦးကလည်း တိုင်းအတွင်းမှ အစိုးရတာဝန်ရှိသူ သုံးဦးကို ပုဒ်မ-၅၀၅ (ခ) ဖြင့် အမှုဖွင့် ထားသည်ဟု ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းတို့ကို အမှုဖွင့် ထားသည်ဟု သိရကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပုလောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တနင်္သာရီတိုင်း NLD ဒုဥက္ကဋ္ဌ လည်းဖြစ်သူ ဦးကင်းရှိန် အပါအဝင် လေးဦးကို ဖေဖော်ဝါရီလ ၁၉ ရက် ပလောက်မြို့ ဆန္ဒပြရာမှအပြန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းအတူ အဖမ်းခံရသူ ဦးမြတ်သူက ဆိုသည်။

ဖမ်းဆီးသွားသည့် ပုလောမြို့နယ် ရဲစခန်းကို ပြည်သူများ လာရောက်ဝန်းရံခဲ့သဖြင့် သုံးဦးကို ညနေ လေးနာရီဝန်းကျင်တွင် ပြန်လွှတ်ပေးခဲ့ပြီး ဦးကင်းရှိန် ကိုမူ ဆက်လက်ထိန်းသိမ်းထားကြောင်း ဦးမြတ်သူက ဆိုသည်။

ညနေ ခြောက်နာရီအထိ နောက်ဆုံး မေးမြန်းချက်အရ ဦးကင်းရှိန် ပြန်လွတ်မြောက်ရေးအတွက် နှစ်ဘက်ညှိနှိုင်းနေပြီး ပြန်လွတ်ရန် အခြေအနေပိုများကြောင်း ပုလောမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။