နစကတွင် ပါဝင်မည့်ကိစ္စ မွန်ပါတီ ပြန်ဆွေးနွေးမည်

0
217
Dawei Watch, Dawei News, Dawei News Media

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) တွင် ပါဝင်ရန် လက်ခံထားသည့်အပေါ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားရန်ရှိသည်ဟု ပါတီဗဟိုကော်မတီတို့မှ သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွင် ပါဝင်သည်ကို လက်မခံသည့် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးတို့က ကောင်စီတွင် ပါဝင်မည့် ကိစ္စသည် ပါတီ၏ မူဝါဒနှင့်အညီ ပြန်လည်သုံးသပ် ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ပေးရန် လက်မှတ်ထိုး တောင်းဆို ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်အချို့တို့၏ တောင်းဆိုချက်အရ ဗဟိုကော်မတီဝင် အစည်းအဝေးတစ်ရပ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ယူကျင်းပရန် လျာထားသော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းထားသည်ဟု ပါတီခေါင်း ဆောင်တို့က ပြောသည်။

“ဥက္ကဋ္ဌအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရက်ရွှေ့လိုက်တယ်လို့တော့ပြောတယ်။ ဘယ်နေ့ လုပ်ဖြစ်မလဲဆိုတာကိုတော့ မပြောထားသေးဘူး” ဟု ပါတီဗဟို ကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်စိုးမြင့် က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အများစု၏ သဘောထား ဆန္ဒဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဆုံးဖြတ်ထားသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီ အတွင်းတွင်လည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားကွဲလွဲနေသည်။

ပါတီအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားနိုင်ငံရေးပါတီတို့ကို ကမ်းလှမ်းမှုပြုနေပြီး မွန်ညီညွတ်ရေးပါတီ ကဲ့သို့ ကမ်းလှမ်းမှုကို လက်ခံသည့် တိုင်းရင်းသားပါတီများရှိသလို လက်မခံသည့် ပါတီများလည်းရှိနေသည်။