စာသင်ကျောင်းများပြန်ဖွင့်ရေး ပြင်ဆင်ထားရန် ညွန်ကြား

0
193
Dawei Watch, Dawei News, Dawei News Media

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ရှိသည်ဟုဆိုကာ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ထားရန် အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီလ ၁၆ ရက်က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံအတွင်း ကိုဗစ် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းလာသည့်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဥပဓိ ရုပ်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီတို့မှ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်‌ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြန်လည်တင်ပြရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ကျောင်းများပြင်ဆင်ထားရန်ကိစ္စ နှင့်ပတ်သက်ပြီး တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလိုင်းမအား ဟုသာ ဖြေဆိုနေသဖြင့် မေးမြန်းခွင့်မရ ခဲ့ပေ။

ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံ ပညာကျောင်းများကို အကန့်သတ်မရှိ ပိတ်ထားသည်မှာ ကိုးလခန့်ရှိပြီဖြစ်သည်။

ကိုဗစ်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်၊ စည်းကမ်းချက်များနှင့် အညီဖွင့် လှစ်ခဲ့သည့် ကျောင်းအများစုမှာ တစ်လခန့် ကြာပြီးနောက် ပြန်ပိတ်ခဲ့ရသည်။ အချို့ကျောင်းများမှာ လုံးဝ ဖွင့်လှစ်ခွင့် မရခဲ့ပေ။

ယခုအခါ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်၊ လမ်းညွှန်ချက်များနှင့် အညီဖွင့် လှစ်ရန်အတွက် အခြေခံပညာဦးစီးဌာန က ကြိုတင်ပြင်ဆင်ခိုင်းခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်းရှိ ပြည်သူများ၊ အစိုးရဝန်ထမ်းများအပြင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်လျက်ရှိသည်။ ဒီမိုကရေစီပြန် မရမချင်း ရုံးမတက်ဘဲ ဆန္ဒထုတ်ဖော်ကြ မည်ဆိုသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ကျောင်းတွေပြန်ဖွင့်မည်ဆိုပါက စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ မကောင်းသဖြင့် သားသမီးများကို ကျောင်းဆက်ထားမည်မဟုတ်သေးဟု ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် ပြောင်းဖူး၊ မြေပဲပြုပ်ရောင်းနေသူ ဒေါ်သီတာအောင် က ပြောသည်။

“အခုချိန်မှာ ကျောင်းထားဖို့က ကိုယ့်မှာလည်း စီးပွားရေးက အဆင်မပြေဘူး၊ ကျောင်းထားပြီဆိုတာနဲ့ ကျောင်းစရိတ်နဲ့ စားစရိတ်ကလိုသေးတယ်။ တစ်နှစ်တော့ ချိုးလိုက်တော့မယ်၊ ကျောင်းဖွင့်တာတောင် မထားတော့ဘူးလို့ အဲလိုပဲ ဆုံးဖြတ်ထားတယ်” ဟု ဒေါ်သီတာ အောင်က ဆိုသည်။

ဒေါ်သီတာအောင်တွင် နဝမတန်း ကျောင်းသားတစ်ဦး၊ ပဉ္စမတန်းကျောင်း သူတစ်ဦး၊ ပထမတန်း ကျောင်းသား တစ်ဦးရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ အာဏာသိမ်းကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် ထားဝယ် ကမ်းနားလမ်းရှိ သူ၏ ဆိုင်တွင် ည ၈ နာရီ မထိုးမီ ဈေးပစ္စည်းများသိမ်းရသဖြင့် ဝယ်ယူစားသောက်သူ နည်းပါးသွားကြောင်း ဒေါ်သီတာအောင်က ပြောသည်။

ယခင်က တစ်ရက် ငွေ ရှစ်သောင်း ကျပ်ခန့် ရောင်းရသော်လည်း ယခုအခါ နှစ်သောင်းခွဲကျပ်မှ သုံးသောင်းကျပ် ဝန်းကျင်ခန့်သာ ရောင်းရသဖြင့် စား၊ ဝတ်၊ နေ၊ ရေးအတွက် ခက်ခဲနေသဖြင့် ကျောင်းမထားနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကြောင့် ကျောင်းတစ်နှစ်နားခဲ့ရပြီး ယခုအခါ နိုင်ငံရေးကြောင့် ဒီမိုကရေစီ ပြန်မရမချင်း မိမိ၏ ကလေးများကို ကျောင်းပြန်မထားဟု ဆုံးဖြတ်ထားသော မိဘအချို့လည်း ရှိနေသည်။