ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်း ဖမ်းဆီးခြင်းထပ်မလုပ်ရန် ထားဝယ်ပါတီ CEC အချို့ တောင်းဆို

0
184
Dawei Watch, Dawei News, Dawei News Media

တပ်မတော်အာဏာသိမ်းမှုအပေါ် ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေမှုအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ထပ်မလုပ်ရန် ထားဝယ် တိုင်းရင်းသားများပါတီ အလုပ်မှုဆောင် ကော်မတီဝင် အချို့က တောင်းဆိုလိုက်သည်။

ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် သုံးဦး နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နှစ်ဦး၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် တပ်မတော်က မည်သည့်အကြောင်းကြောင့်ဖြစ်စေ တပ်မတော်အာဏာသိမ်းခြင်းကို လက်မခံကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ထပ်မံဖမ်းဆီးခြင်း မလုပ်ရန်နှင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

ထိုအကြောင်းအရာများကို ထားဝယ် ပါတီအနေဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ အတွင်းရေးမှူးအဖွဲ့ဝင်သုံးဦးနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နှစ်ဦးတို့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းသည့်အပေါ် ထားဝယ်တိုင်းရင်းသားများပါတီက အချိန်အတိုင်းအတာတစ်ခုအထိ ရေငုံနှုတ်ပိတ်နေသည့်အပေါ် ဝေဖန်ပြောဆိုမှုများ လည်းရှိသည်။

ယင်းသို့ထုတ်ပြန်ရန် ပါတီတွင်း ဆွေးနွေးရာတွင် အဆင်မပြေသဖြင့် သဘောထားတူညီသူများပူးပေါင်းကာ ယင်းသို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်မင်းထိုက်က ဆိုသည်။

“သဘောထားညှိနှိုင်းရင်းနဲ့ပဲ ဒီအချိန်ထိ ရောက်သွားတာပါ” ဟု ဦးကျော်မင်းထိုက်က ပြောသည်။

ထို့အပြင် အာဏာသိမ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များ အပါအဝင် အားလုံးကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။