အာဏာသိမ်းအစိုးရကို စွမ်းအင် ကုမ္ပဏီများ မထောက်ပံ့ရန် ဆန္ဒပြ

0
205
ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖေဖော်ဝါရီလ ၁၂ ရက် ဆန္ဒပြပွဲ

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖေဖော်ဝါရီလ ၁၂ ရက် ဆန္ဒပြပွဲတွင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ အာဏာ သိမ်းအစိုးရကို မထောက်ပံ့ရန် တောင်းဆိုခဲ့ကြသည်။

ကံပေါက်ဒေသတွင် Petronas၊ PTTEP၊ TOTAL၊ Chervon၊ MOGE နှင့် JX စသည့် စွမ်းအင်ကုမ္ပဏီများ အခြေစိုက်ရာဒေသဖြစ်ပြီး ကမ်းလွန် စွမ်းအင်များကို ထိုင်းနိုင်ငံသို့အဓိကတင် ပို့သည်။

ယင်းသို့တောင်းဆိုသည့်ဆန္ဒပြပွဲမှာ လူတစ်ရာကျော်ပါဝင်သည့် အုန်းပင်ကွင်း ကျေးရွာဆန္ဒပြပွဲမှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ယင်းမှ တစ်ဆင့် ကံပေါက်ဒေသ ဆန္ဒပြပွဲတွင် သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ဂစ်(စ်)တွေက စစ်တပ်ကိုအထောက် ပံ့ဖြစ်စေတယ်လေ။ အခုဖြစ်နေတာတွေကလည်း စစ်တပ်ကြောင့်ပဲဖြစ်နေတာ ဆိုတော့ သူတို့ကို စွမ်းအင်တွေ မထောက်ပံ့ဖို့အတွက် တောင်းဆိုဖြစ်တာ” ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက ဆိုသည်။

ယင်းဆန္ဒပြပွဲတွင် “တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူဆိုတာ အာဏာရှင်ကို အားမပေးပါ” စာတမ်းတို့ကိုကိုင် ဆောင်ပြီး “ဂစ်တွေဟာ စစ်တပ်အတွက် အထောက်အပံ့မဖြစ်စေနဲ့” ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြောင်း ၎င်းက ပြောသည်။

ကံပေါက်ဒေသတွင်လည်း လူထောင် ချီပါဝင်သော စစ်အာဏာရှင် ဆန္ဒပြပွဲများ ရက်ဆက် ပြုလုပ်လျက်ရှိသည်။