တနင်္သာရီတိုင်းက အကျဉ်းသားတစ်ထောင်ကျော်ကို ပြန်လွှတ်

0
166
Dawei Watch, Dawei News, Dawei News Media

တပ်ကအာဏာသိမ်းပြီး ၁၂ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်က တနင်္သာရီတိုင်းမှ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတစ် ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ထားဝယ်အကျဉ်းထောင်မှ ၁၄၅ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၆၂ ဦး၊ ကျောက်ဖြူကျောက်ထုတ်စခန်းမှ ၁၇၂ ဦး၊ ပုလောမြို့နယ် နတ်စင်ကုန်းအကျဉ်း စခန်းမှ ၄၈ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးအသက်ကယ်စခန်းမှ ၁၅၉ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၂၄၀ ဦးကို လွှတ် ပေးလိုက်ခြင်းဖြစ်သည်။

ယင်းလွှတ်ပေးလိုက်သူများတွင် ထိုင်းနိုင်ငံသား ခြောက်ဦး၊ ဘင်္ဂလီ နှစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦး စုစုပေါင်း နိုင်ငံခြားသား ကိုးဦးပါဝင်ပြီး အမျိုးသား ၁၀၆၈ ဦး၊ အမျိုးသမီး ၅၈ ဦးပါဝင်သည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအထဲတွင် မူယစ်ဆေးအမှုဖြစ်ထောင်ကျနေသူများ၊ စစ်ပြေးအမှုဖြင့် ထောင်ကျနေသူများလည်း ပါဝင်ကြောင်း လွတ်မြောက်လာသူအချို့ က ပြောသည်။

“အလွှာအသီးသီးက လူတွေကို လွှတ်ပေးတာပါ” ဟု လွတ်မြောက်လာသူ တစ်ဦးက ဆိုသည်။

အကျဉ်းသားများကိုလွှတ်ပေးမည် ဆိုသည့် သတင်းကြောင့် ထားဝယ် အကျဉ်းထောင်ရှေ့တွင် မိသားစုဝင် အချို့က နံနက် ၈ နာရီခန့်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့သော်လည်း ညနေ ၃ နာရီခန့်မှ လွှတ်ပေးခဲ့သည်။

ထားဝယ်အကျဉ်းထောင်အဝတွင် လာစောင့်နေသူများအနက် အချို့မှာ လွတ်မြောက်မည်ကို ကြိုသိထားသူများ ရှိသကဲ့သို့ လွတ်မ/ မလွတ်မသေချာဘဲ လာစောင့်နေသူများလည်းရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများသည် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ယခု ကျခံရန်ရှိသည့်ပြစ်မှုနှင့် ထပ်မံကျူးလွန်သည့် ပြစ်မှုတစ်ပေါင်းတည်းကျခံရကို လက်မှတ်ရေးထိုးစေပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းမှ အကျဉ်းသား နှစ်သောင်း ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။