အခြား မြန်မာနိုင်ငံတစ်ဝန်းနည်းတူ အာဏာသိမ်းအစိုးရအား ဆန္ဒပြပွဲတွင် လူအများစိတ်အာရုံကို ဖမ်းစားနိုင်ရန်အတွက် သရုပ်ဖော်ချက်များဖြင့် ထုတ်ဖော်ပြလာပြသည်။
ထားဝယ်မြို့တွင် ငါးရက်မြောက်ဆန္ဒထုတ်ဖော်သည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သရုပ်ဖော်ဆန္ဒပြမှုတစ်ခုစ၊ နှစ်ခုစကို စတင်တွေ့လာရသည်။

မျက်လုံးနေရာတွင်သာ အပေါက်ဖောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုပိတ်စဖြင့် ခေါင်းမြီးခြုံထားသည့် လူငယ်သုံးဦး ငါးရက်မြောက်အဓိက သပိတ်စစ်ကြောင်းနှင့်အတူ ပါလာ သည်။ မျက်လုံးအပေါက်နေရာတွင် မျက်မှန်အနက်တပ်ထားသည်။ လူငယ် တစ်ဦးမှာ နို့ဘူးစို့နေပြီး ကျန်တစ်ဦး မှာသေနတ်မသုံးရ သင်္ကေတကိုင် စာရွက်ကိုကိုင်ထားသည်။

ယင်းသရုပ်ဖော်ချက်မှာ ကလေးများကို သေနတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ ပစ်ခတ်ခြင်းမပြုရဆိုသည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း လူငယ် တစ်ဦးက ပြောသည်။

“ဒီလို Performance (သရုပ်ဖော်) တွေလုပ်ပြီးပြတာက နိုင်ငံတကာကို ဒီနိုင်ငံမှာဘာတွေဖြစ်နေတယ်ဆိုတာကို သိစေချင်လို့ပါ” ဟု ၎င်းက ဆို သည်။

‌ခြောက်ရက်မြောက် ဆန္ဒပြပွဲတွင်မူ သရုပ်ဖော် ဆန္ဒပြသူ ပိုများပြားလာခဲ့သည်။
ယင်းတို့အနက် ယောဂလေ့ကျင့်ပြီး ဆန္ဒထုတ်ဖော်သူ၊ ဟင်းချက်စားသူ၊ နတ်ဝတ်နတ်စားဖြင့်ဆန္ဒထုတ်ဖော်သူ၊ တောင်တက်အဖွဲ့က ရွက်ဖျင်တဲထိုး ထိုင်သပိတ်ဆင်နွဲခြင်း၊ ထားဝယ်ရိုးရာအသုဘအခမ်းအနားပုံစံလုပ်သူတွေ စသည်ဖြင့်ပါဝင်ခဲ့သည်။

ယင်းအပြင် စကတ်တိုဝတ်အမျိုးသားတွေ၊ ညအိတ်ဝတ်စုံဝတ်သူတွေ၊ သတိုး သမီးဂါဝန်ဝတ်သူနှင့် အခြားဖက်ရှင် ဝတ်စုံတို့ဝတ်ပြီး ဆန္ဒပြရာတွင် ပါဝင်သည်ကို တွေ့ရသည်။

“လူ့ပြည်မှာဖြစ်နေတဲ့ အာဏာ သိမ်းတာသည် နတ်ပြည်က နတ်မင်းတွေတောင် မနေနိုင်တော့ဘူးဆိုပြီး ကျွန်တော်တို့လုပ်ဖြစ်သွားတာပါ” ဟု နတ်ဝတ်နတ်စားဖြင့် သရုပ်ပြဆန္ဒထုတ် ဖော်ရန် စီစဉ်ရခြင်းအကြောင်းကို ကိုမင်းမြတ်သူက ပြောသည်။

လျှပ်စစ်ဟင်းအိုးများယူလာပြီး အုပ်စုလိုက်လမ်းဘေးပလက်ဖောင်းတွင် ထိုင်ပြီး ဟင်းချက်ဆန္ဒထုတ်ဖော်နေသည့် လူငယ်တစ်စုကို လူကြီးအချို့က ဆန္ဒပြနေချိန် ပျော်ပွဲစားထွက်လာကြ သလားဆိုသည့် မေးခွန်းမျိုးမေးနေသည်ကို ကြားခဲ့ရသည်။

“ပျော်ပွဲစားထွက်ပြီးတော့ ပျော်ဖို့အတွက်လုပ်နေတာမဟုတ်ပါဘူး။ ပုံမှန် အချိန်တွေမှာ ပြည်သူတွေက ပျော်ပျော် ရွှင်ရွှင် စားသောက်နိုင်ပေမယ့် စစ်အာဏာ သိမ်းထားတဲ့ ဒီလိုအချိန်မှာ မပျော်ရွှင် နိုင်ဘူး၊ စစ်အာဏာကို အမြဲတမ်းတွန်း လှန်နေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကို နိုင်ငံတကာ ကိုပိုပြီးတော့ သိစေချင်တယ်” ဟု ယင်း အဖွဲ့မှ လူငယ်တစ်ဦးက ဆိုသည်။

ခုနစ်ရက်မြောက်ဆန္ဒပြပွဲတွင်မူ သရုပ်ဖော်ချက်များ ပိုများလာသည်ကို တွေ့ရသည်။
အုပ်စုလိုက်ဂီတာတီးသီချင်းဆိုခြင်း၊ ဘင်ခရာအဖွဲ့၊ တိုးနယား၊ ထားဝယ် ရိုးရာရေအိုးရွက်၊ အသုဘခေါင်း၊ ပဋ္ဌာန်း ရွတ်ခြင်း စသည်ဖြင့် အမျိုးအစားစုံလင် လှသည်။

ထားဝယ်မြို့တွင် ညမထွက်ရ အမိန့်မထုတ်ခင်ညဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက် ည ၇ နာရီအချိန် ကမ်းနား လမ်းတွင်ပြုလုပ်သည့် သရုပ်ဖော်ချက်မှာ ထားဝယ်တွင် ပထမဆုံးပါဖော့မန့် ဟုဆိုနိုင်သည်။

ယင်းသရုပ်ဖော်ချက်မှာ ဖယောင်းတိုင်မီး ကိုယ်စီကိုင်ထားသည့်လူများက စက်ဝိုင်းပုံစံစုဝေးကြပြီး အလယ်တည့်တည့်တွင် ဂီတာတီးသည့်အဖွဲ့က နေရာယူကာ သီချင်းဆိုသရုပ်ပြသည့် သရုပ်ဖော်ဖြစ်သည်။ လူပေါင်းရာ နှင့်ချီပါဝင်သည်။

သရုပ်ဖော်လုပ်သူများသည် နောက်ထပ်ဆန္ဒထုတ်ဖော်ပွဲများတွင်လည်း မတူညီသည့် ပုံစံများဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

“လူတွေအားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့အတွက်ပျော်တယ်။ နောက်နေ့တွေမှာလည်း မတူညီတဲ့ပုံစံတွေနဲ့ တင်ဆက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု နတ်ဝတ်၊ နတ်စားဖြင့် သရုပ်ဖော်သူ ကိုမင်းမြတ်သူက ဆိုသည်။

သရုပ်ဖော် ဆန္ဒပြ ဓာတ်ပုံများကို တစ်ဖက်စာမျက်နှာ စာမျက်နှာ ၅ တွင် ထပ်မံဖော်ပြထားသည်။