အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထိုင်းလူမှုအဖွဲ့များ သဘောထားထုတ်ပြန်

0
176
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံမှ လူမှုရေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများ၊ ပညာရှင်များပါဝင်သည့် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး မိတ်ဆွေများအဖွဲ့က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က သဘောထား ထုတ်ပြန်လိုက်သည်။

ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ထောက်ခံပြီး ခေတ်နောက်ပြန်ဆွဲနေသည့် လက်မခံနိုင်စရာ အဖြေဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး မိတ်ဆွေများအဖွဲ့က ဒီမိုကရေစီအရေး လိုလားသည့် ဆန္ဒပြသူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေမှုများကို ရပ်တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထား သူများကို ပြန်လွှတ်ပေးရန် တောင်းဆို လိုက်သည်။

၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များကို လက်ခံပေးရန်နှင့် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို ပြန်လည်ရုတ်သိမ်း ပေးရန်လည်း တောင်းဆိုလိုက်သည်။

အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအားလည်း စစ်အာဏာသိမ်းမှုကို ပြန်လည်ရုတ်သိမ်းပေးရန်နှင့် အသိအမှတ်မပြုရန် တောင်းဆိုပြီး ယင်းသို့ အာဏာသိမ်းမှုသည် အာဆီယံနှင့် ကမ္ဘာ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှုကို ထိပါးစေသည် ဆိုထားသည်။