လိုင်စင်ရ ဟိုတယ်ဖွင့်ပြီး ရှစ်နှစ်အကြာမှ သစ်တောကြိုးဝိုင်း ကျူးကျော်မှုဖြင့် တရားစွဲခံရ

0
639
Dawei Watch, Dawei News, Dawei News Media

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ လိုင်စင်ဖြင့် မောင်းမကန် ရွာတွင်ဖွင့်ထားသည့် ကိုကိုးနတ်ဧည့် ရိပ်သာပိုင်ရှင်အား သစ်တောကြိုးပြင် ကာကွယ်တောအတွင်း ကျူးကျော် ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း ကာယကံရှင်ထံမှ သိရသည်။

အဆိုပါ ဧည့်ရိပ်သာအား ၂၀၁၃ ခုနှစ်ကတည်းက အထက်ပါဌာန၏ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လာခဲ့ပြီး ယခုလတွင်မှ ကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဒေါ်ဇင်မာအေး က ဆိုသည်။

ဟိုတယ်/ခရီးဌာန၏ လိုင်စင်အား ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးရလေ့ရှိပြီး ၂၀၁၉ ခုနှစ်က သက်တမ်းတိုးရန် သွားလျှောက်ချိန်တွင် သက်တမ်းတိုး၍ မရတော့ဟု ပြောကြောင်း ၎င်းက ဆိုသည်။

ယင်းအချိန်တွင်မှ သက်တမ်းမတိုး ပေးတော့ဘဲ သစ်တောကြိုးဝိုင်းဧရိယာအတွင်းကျရောက်နေသည့်အတွက် သက်တမ်းတိုး၍ မရတော့ဟု အကြောင်းကြားစာပို့လာကြောင်း ဒေါ်ဇင်မာအေးက ပြောသည်။

ယင်းအကြောင်းကြားစာတွင် သစ်တောဧရိယာအတွင်းကျရောက်နေသဖြင့် မြေနေရာအတွက် သစ်တောဌာနတွင် လျှောက်ထားရန်ဟုလည်း ဖော်ပြထားသည်ဟု ဆိုသည်။

ထိုနောက် အဆင့်ဆင့် တင်ပြချက်အရ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး၏ ထောက်ခံချက်ဖြင့် လိုင်စင်သက်တမ်းအား ယာယီ သက်တမ်းတိုးခွင့်ရပြီး ကြိုးဝိုင်းအတွင်းမြေငှားရမ်းခွင့်ရစေရန် တရားစွဲခံရမည်ဟု ပြည်ထောင်စုသစ်တောဌာနမှ အကြောင်းကြားလာသည်ဟု ဒေါ်ဇင်မာအေး က ပြောသည်။

ထိုကြောင့် လက်ရှိတွင် ဒေါ်ဇင်မာအေး အား သစ်တောဥပဒေပုဒ်မ- ၄၀(က-၁)/ ၄၀(က-၃) ဖြင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ အမှုဖွင့်ထားခြင်းဖြစ်သည်။

ထိုကဲ့သို့နှစ်ပေါင်းများစွာ လိုင်စင် ဖြင့်လုပ်ကိုင်လာပြီးမှ သစ်တောကြိုး ပြင်ဧရိယာဟု အကြောင်းပြကာ အမှုဖွင့်ခြင်းမှာ မဖြစ်သင့်ကြောင်း ဒေါ်ဇင်မာအေး က ဆိုသည်။

“လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အရမ်းကို အခက်အခဲဖြစ်တယ်၊ ၂၀၁၃ ကတည်းက လုပ်လာတာ အခုမှ ထပြီးလုပ်လိုက်တာ လူကိုရှော့ဖြစ်သွားတယ်” ဟု ဒေါ်ဇင်မာအေးက ပြောသည်။

လိုင်စင်သက်တမ်းတိုးချိန်တွင် မြေရာဇဝင်စိစစ်ရာ သစ်တောကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်နေ သည့်အတွက် ပိုင်ရှင်ဖြစ်သူ ဒေါ်ဇင်မာအေး က မြေနေရာငှားရမ်းသုံးစွံခွင့်ပြုရန် သစ်တောဌာနရုံးချုပ်ထံ လျှောက်ထားခဲ့ကြောင်း သစ်တောဦးစီးဌာန လောင်းလုံး မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးဦးက ရှင်းပြသည်။

၎င်းကလည်း ကိုကိုးနတ်ခြံဝင်းအတွင်း မည်သည့်ခုနှစ်တွင် အဆောက်အအုံ စတင်ဆောင်လုပ်ထားကြောင်းကို တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“အရင်တုန်းက ၂၀၁၃ စာရင်းမှာ ဥယျာဉ်ခြံစာရင်းနဲ့ ပါတယ်ဆိုပြီးတော့ တင်ပြလိုက်တော့ ဦးစီးရုံးချုပ်ကနေ သစ်တောဥပဒေအရ အရေးယူဆောင် ရွက်သွားရန်ဆိုပြီးတော့မှ ယင်းအမှု ပြီးပြတ်ပြီဆိုလို့ရှိရင် ခွင့်ပြုမယ်ဆိုပြီးတော့မှ ညွှန်ကြားလာတယ်ပေါ့နော်” ဟု ဦးအောင်ဖြိုးဝင်းက ပြောသည်။

ထိုကြောင့် သစ်တောဥပဒေဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ပြီး အမှုပြီးပြတ်ပါ က ငှားရမ်းသည့်စနစ်ဖြင့် ခွင့်ပြုမည်ဟု ရုံးချုပ်က ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

မောင်းမကန်ရွာနှင့် ကမ်းခြေအနီး တဝိုက်တွင် ဟိုတယ်/ခရီးဌာန၏ လိုင်စင်ရ ဟိုတယ်တည်းခိုခန်းများအပြင် လိုင်စင် မဲ့တည်းခိုခန်းများစွာရှိနေသည်။