၀ယ်လိုအားများသော်လည်း ဆန်မပြတ်နိုင်ဟုဆို

0
357
ဆန်ဝယ်လိုအား မြင့်တက်

တပ်မတော်မှအာဏာသိမ်းသည့် နေ့မှစ၍ ပြည်သူများက ဆန်ဝယ်လိုအား မြင့်တက်ခဲ့ပြီး ဆန်ဆိုင်များတွင် လူအုပ်ကြီးဖြစ်သွားသည်အထိ ဝယ်ယူသူ များခဲ့သည်။

ထိုသို့ ဝယ်လိုအား မြင့်တက်နေသော်လည်း ထားဝယ်ဒေသဈေးကွက်အတွင်း ဆန်မပြတ်နိုင်ကြောင်း ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ဆိုသည်။

လက်ရှိအခြေအနေကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးမပြတ် တောက်ပါက ဆန်ပြတ်လပ်မည့် အနေအထားမရှိဘဲ ပုံမှန်လည်ပတ်နေမည်ဖြစ်ကြောင်း အထက်ပါအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် က ပြောသည်။

“ပြည်သူတွေက စိုးရိမ်ပြီးဝယ်နေကြတာ ရာသီဥတုကလဲ မဆိုးဘူး။ သယ်ယူပို့ဆောင်ရေး အခက်အခဲလဲမရှိသေးဘူး။ လက်ရှိအာဏာရှိတဲ့ အဖွဲ့ အစည်းတွေကသာ ပိတ်ဆို့မှုမရှိခဲ့ဘူး ဆိုရင် ဆန်မပြတ်နိုင်ဘူး” ဟု ဦးနိုင်လွင်လတ်က ဆိုသည်။

ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းပြောင်း လဲမှုအနည်းငယ်သာရှိကြောင်း လက်လီ ဆိုင်အချို့ထံမှ သိရသည်။

လက်ရှိကာလတွင် ဆန်ဝယ်လိုအား များနေဆဲဖြစ်သော်လည်း ဆန်တစ်အိတ်လျှင် ငွေကျပ်တစ်ထောင်ခန့်သာ ဈေးတက်ကြောင်း ထားဝယ်မြို့ နိဗ္ဗာန်လမ်းတွင် ဆန်အရောင်းဆိုင်ဖွင့်ထားသူ ဦးမောင်နိုင်က ဆိုသည်။

“ဝယ်လိုအား တအားများတာပေါ့ မကြုံစဖူးကိုများတာ။ ဈေးနှုန်းကွာဟ ချက်ကတော့ တစ်ထောင်ဝန်းကျင် လောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ဒေသထွက် ဆန်စားသုံးမှုနည်းပါးပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်မှ တင်သွင်းသည့် ဆန်ကို အများဆုံးဝယ်ယူစားသုံးကြသည်။