ရွှေဈေး ငါးရက်အတွင်း ကျပ်ရှစ်သောင်းကျော် ခုန်တက်

0
254
Dawei Watch, Dawei News, Dawei News Media

တပ်မတော်အာဏာသိမ်းပြီးနောက် ငါးရက်တာကာလအတွင်း ရွှေတစ်ကျပ် သားလျှင် ကျပ်ရှစ်သောင်းကျော် ခုန်တက်သွားကြောင်း ထားဝယ် ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ရွှေဝယ်လိုအားများလာပြီး စံချိန်တင်ဈေးတက်သွားခြင်းဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ က အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်သုံးသိန်းနှစ်သောင်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိရာမှ လက်ရှိတွင် တစ်ဆယ့်လေးသိန်းကျော်အထိ မြင့်တက်သွားခဲ့သည်။

ရွှေလာဝယ်သူများပြားလွန်းသဖြင့် ဆိုင်ကိုပင် ပိတ်လိုက်ရကြောင်း စည်ပင်သာယာဈေးကြီး မြောက်ဘက်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“မဝယ်နဲ့ဦး၊ ထိန်းထားကြပါဦး ဆိုပြီး ပြောယူရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မူ ရွှေဝယ်သူ နည်းပါးသွားခဲ့ပြီး ပုံမှန် အနေအထားအတိုင်းပင် အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။