မြန်မာ့ အာဏာသိမ်းမှု နယ်စပ် ကုန်သွယ်ရေးနှင့် ထားဝယ်စီမံကိန်းအပေါ် ထိခိုက်နိုင်ခြေ

0
160
Dawei Watch, Dawei News, Dawei News Media

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ ၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအနက် တစ်ခုဖြစ်သော ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေး မည်မျှအထိ ထိခိုက်နိုင်ကြောင်း မှန်းဆချက်များရှိသည်။

အများအားဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်များဖြစ်သော ထိုင်းနှင့် မြန်မာ တစ်ရက် ကုန်သွယ်မှု ပမာဏသည် တစ်ရက်လျှင် ဘတ်သန်း ၅၀ နီးပါးမျှ ရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံတောင် ပိုင်းအတွက် ဈေးဆိုင်ကြီးဟုပင်ဆိုနိုင်သော ထိုင်းဈေးကွက်သည် တစ်လလျှင် ဘတ် သန်း ၁၅၀ဝ မှ ၂၀ဝ၀ အထိ ထိခိုက်နိုင်ကြောင်း ထိုင်းကုန်သွယ်ရေး တက္ကသိုလ်မှ ပညာရှင် အတ်က ခန့်မှန်း တွက်ချက်ထားသည်။

မူလကပင် ကိုဗစ်ကပ်ဘေးကြောင့် မြန်မာနိုင်ငံဘက်မှ ဝယ်လိုအားကျဆင်းခဲ့ပြီးဖြစ်သည်။ ယခု အာဏာသိမ်းမှု ဂယက်မည်မျှ ကြီးမားမည်ကို ခန့်မှန်းရန် ခက်ခဲနေသေးပြီး အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်ကဲ့သို့သော နိုင်ငံများ၏ အာဏာသိမ်းအစိုးရအပေါ် သဘောထား၊ အရေးယူပိတ်ဆို့နိုင်ခြေ အပေါ်များစွာ မူတည်နေကြောင်း ၎င်းက ခန့်မှန်းသည်။

ထိုင်းထုတ်ကုန်များကို မြန်မာတို့ လိုအပ်မှု ရှိနေသည်နှင့်အမျှ ရေရှည်အထိ ထိခိုက်မှု မရှိနိုင်ကြောင်းလည်း ခန့်မှန်းချက်များစွာရှိသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ဘတ် သန်း ၂၀ဝ နီးပါး ရှိပြီး ထိုင်းပို့ကုန် ပမာဏမှာ ၁၁၄ သန်းနီးပါး ရှိသည်။

ထိုင်းထုတ်ကုန်အများစုမှာ စား သောက်ကုန်၊ လောင်စာဆီ၊ စက်သုံး ပစ္စည်း၊ ဓာတုပစ္စည်း၊ စတီး၊ အလှကုန်၊ ဆပ်ပြာ၊ မော်တော်ယာဉ်၊ အဝတ်အထည် တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ မရေရာသော အခြေအနေများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ အနေနှင့်လည်း အနည်းဆုံး နှစ်လ၊ သုံးလခန့်အထိ စောင့်ကြည့်နေ နိုင်သေးကြောင်း သူက ဆိုသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာ နိုင်ငံအတွင်းရှိ စက်ရုံ အနည်းငယ် ရပ်ဆိုင်းခဲ့ပြီး အခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ပြန်လည်သုံးသပ်နိုင်ဖွယ် ရှိနေသည်။

နောက်ထပ် မရေရာမှု တစ်ခုမှာ ထိုင်းအစိုးရနှင့် အတူတကွ လုပ်ကိုင်နေသော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်သည်။

ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်းကို စီမံကိန်းမှ ထုတ်ပယ်လိုက်ပြီးနောက် ယခုနှစ်ဆန်းပိုင်း ကတည်းက စီမံကိန်းမှာ မရေရာသော မေးခွန်းများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။

ယခု အာဏာသိမ်းမှုကြောင့် ထားဝယ်စီမံကိန်းအကြောင်း ပြောဆို ဆွေးနွေးရန် အချိန်စောင့်ရဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ဆိုထားသည်။

မြန်မာနိုင်ငံတွင် စီမံအုပ်ချုပ်ရေး ယန္တရားအထိုင်ကျသည်အထိ စောင့်ဆိုင်းရဦးမည်ဟု ၎င်းက ဆိုသည်။