ဇမ္ဗူသီရိဆေးခန်း အချိန်တိုးဖွင့်

0
127
Dawei Watch, Dawei News, Dawei News Media

ဇမ္ဗူသီရိ အခမဲ့ဆေးခန်းကို တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း ဇမ္ဗူသီရိအရေးအပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်က ပြောကြားသည်။

ယခင်က ဇမ္ဗူသီရိဆေးခန်းကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သာဖွင့်လှစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ အချိန်တိုးမြှင့်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မှာ အခုက လူနာတွေက ကြားနေရတာက ဆေးရုံမှာ ဆရာဝန်တွေလည်း မရှိတော့ဘူးလို့ သိနေရတယ်။ နေမကောင်းတဲ့လူတွေ နည်းနည်းခက်ခဲမှုတွေဖြစ်လာရင် လာပြလို့ရအောင်ဆိုပြီး အချိန် ထပ်တိုး လိုက်တယ်။ ဆရာဝန်တွေဘက်ကလည်း ကူညီပေးလာတော့ တိုးပြီးဖွင့်လိုက် တာပေါ့” ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ယင်းအပြင် တနင်္လာနေ့မှ သောကြာ နေ့ ညနေ ၄ နာရီတွင်လည်း ဓာတ်မှန် (အခမဲ့)ရိုက်ပေးမည်ဖြစ်ပြီး မည်သည့် ရောဂါမဆို လာရောက်ပြသနိုင်သည်ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလမတိုင်ခင်က တစ်ရက်လျှင် ဆေးခန်းလာပြသည့်လူနာ ၃ ဦးမှ ၅ ဦးခန့်သာရှိပြီး အချို့ရက်များတွင် ဆေးခန်းလာပြသူ တစ်ဦးမျှ မရှိသည့် ရက်များလည်း ရှိသည်ဟု ကိုနိုင်မျိုးသွင် က ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဇမ္ဗူသီရိဆေးခန်းတွင် ယခင် ရက်ချိန်းအတိုင်း လာရောက်ပြသနေ သည့် လူနာများအပြင် လူနာအသစ်များ တိုးလာသည်ဟု ၎င်းက ပြောသည်။

ဇမ္ဗူသီရိဆေးခန်းကို ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဇမ္ဗူသီရိအရေးပေါ်လူနာ (အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့ရုံးတွင် ဖွင့်လှစ်ထားသည်။

ထားဝယ်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးရုံပြသရန် အခက်အခဲရှိသည့် လူနာများအနေနှင့် ပြင်ပလူနာဌာန မှတ်တမ်းစာအုပ်ယူ ဆောင်လာပါက ချမ်းမြေ့ဆေးရုံတွင် ဆရာဝန်စမ်းသပ်ခ အခမဲ့ဖြင့် ကျန်းမာရေးကုသမှု ခံယူနိုင်ကြောင်း ယင်းဆေးရုံ က ကြေညာထားသည်။ ယင်းဆေးရုံမှာ အမှတ် (၃၁) ဗိုလ်ချုပ်လမ်း၊ ဇရစ်ရပ်၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ နိုင်ငံတွင် တပ်အာဏာသိမ်းခဲ့ပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းအစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ဆေးရုံအချို့ရှိ ဆရာဝန်နှင့် သူနာပြု ကျန်းမာရေး ဝန်ထမ်းများ အလုပ်မဆင်းကြဘဲ ဆန္ဒ ထုတ်ဖော်လျက်ရှိသည်။