ကန့်ကွက်ထားသည့် ဒယ်လ်ကိုက သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားသည့်ကိစ္စ ငါးလကျော်သည်အထိ အဖြေမသိရသေး

0
140

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားသည့် ဒယ်လ်ကိုကုမ္ပဏီ၏ လျှောက်ထားမှုကို ဒေသခံများက တရားဝင်ကန့် ကွက်လွှာပို့ပြီး ကန့်ကွက်ထားသော်လည်း ငါးလကျော်ကြာသည်အထိ အစိုးရက မည်ကဲ့သို့ ဆုံးဖြတ်လိုက် သည်ကို အဖြေမသိရသေးကြောင်း သိရသည်။

ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ထပ်မံ၍မြေဧက နှစ်ထောင် ကျော်ပေါ်တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့လျှောက်ထားမှုအပေါ်ကို ဒေသခံများကကန့်ကွက်ကြောင်း အကြောင်းကြားစာကို ရေဖြူမြို့နယ်မြေ စာရင်းဦးစီးဌာနထံ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်က တရား ဝင်ပေးပို့ခဲ့သည်။

“ရွာသားတွေကတော့ သူတို့ လက်မခံနိုင်လို့ တင်ထားတာပေါ့။ ကျန်တာကတော့ ထွေထွေထူးထူး အခုထိ အဖြေတစ်ခုမရသေးဘဲဖြစ်နေတာပေါ့” ဟု ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

ရေဖြူမြို့နယ်မြေစာရင်းဦးစီးမှူး ဦးရဲဝင်းကမူ ဒေသခံများ ကန့်ကွက်ထားသည့်ကိစ္စအား ထားဝယ်မြို့နယ် မြေစာရင်းဌာနက ဇန်နဝါရီလအတွင်းက သွားရောက်စစ်ဆေးထားပြီးဖြစ်ကြောင်း ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးစဉ်က ဒေသခံ သုံးဦးကိုသာ ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်း ဒေသခံသုံးဦး၏ အစစ်ခံချက်များကိုလည်း ဒေသခံများက လက်မခံနိုင်သဖြင့် ကန့်ကွက်ခဲ့ရာ စစ်ဆေးမှုအထမမြောက်ခဲ့ကြောင်း ဦးခင်စိုးက ပြောသည်။

ဒယ်လ်ကိုကုမ္ပဏီမှ သတ္တုစမ်း သပ်တူးဖော်မည်ဆိုသည့် သတင်းကြောင့် ယင်းသတ္တုဧရိယာအတွင်းကျရောက်နေသည့် တောတောင်နေရာများတွင် မြေယာလက်ဦးမှုယူထားသည့် ဖြစ်စဉ်များလည်းဖြစ်ပွားနေကြောင်း ဇာဒီ ကျေးရွာဒေသခံအချို့ထံမှ သိရသည်။

ဇာဒီကျေးရွာအုပ်စုသည် ဒယ်လ်ကို ကုမ္ပဏီက သတ္တုစမ်းသပ်တိုင်းတာမည့် ဧရိယာအတွင်း ကျရောက်နေသည့် ရွာတစ်ရွာဖြစ်ပြီး မြေယာပိုင်ဆိုင်မှု အငြင်းပွားမူအလွန်များသည့် ကျေးရွာတစ်ရွာ လည်းဖြစ်သည်။