လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မလွတ်သေး

0
172
လွှတ်တော်ဥက္ကဋ္

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးသုံးဦး မလွတ်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုတို့ဖြစ်သည်။

၎င်းတို့ကို ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက် ၄နာရီခွဲခန့်တွင် တပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မလွတ်သေးကြောင်း ဖေဖော်ဝါရီ ၅ ရက် နေ့ ညနေပိုင်းတွင် ပြောသည်။

“အခုထိ ဘယ်မှာချုပ်ထားတယ် ဆိုလည်း မသိဘူးခင်ဗျား”ဟု NLD ပါတီ၏ အထက်ပါတာဝန်ရှိသူက ဆို သည်။

အထက်ပါလေးဦးမှာ မည်သည့် နေရာတွင် ချုပ်နှောင်ထားမှန်း မသိရသည့်အတွက် စိတ်ပူနေကြကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့ရုံး အိမ်ရာ၌ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောလုကာတို့ နေအိမ်တွင်အကျယ်ချုပ်ထားရှိကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

တိုင်းအစိုးရအဖွဲ့ဝင်များအနက် ၎င်းတို့နှစ်ဦးသာ နေအိမ်တွင် အကျယ်ချုပ်ထိန်းသိမ်းထားသည်။ အဖမ်းမခံရဘဲ လွတ်မြောက်သွားသည့် ဝန်ကြီးအချို့လည်း ရှိသည်။