သဘာဝမြေသြဇာ ဘိုကာရှီပြုလုပ်နည်း

0
2202
သဘာဝမြေသြဇာ ဘိုကာရှီပြုလုပ်နည်း

ဘိုကာရှီဆိုသည်မှာ
နေ့စဉ် မီးဖိုချောင်စွန့်ပစ်ပစ္စည်း တွေကနေ အကောင်းဆုံး အကြွယ်ဝဆုံး သဘာဝ မြေသြဇာပြုလုပ်တဲ့နည်းပါပဲ။ လယ်ယာစိုက်ပျိုးရေးစတာတွေမှာသုံးတဲ့ အခြား ဘိုကာရှီ နည်းလမ်းတွေလည်း ရှိသေးတာမို့ အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ် တစ်ခုလည်းဖြစ်ပါတယ်။
ဘယ်လိုပဲကွဲပြားခြားနား ကြပါစေ..EM microbes ရယ်၊ ကစော်ဖောက်တာရယ်၊ ပြီးတော့သဘာဝဖြစ် စွန့်ပစ်ပစ္စည်းတွေရယ်ကတော့ အဓိက ပါဝင်ရမယ့် အရာတွေဖြစ်ပါတယ်။

ကျွန်တော်တို့အဓိကထား လုပ်ဆောင်မယ့် အရာကတော့ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးတွေကနေ ထွက်လာမယ့် အစားသောက် ချက်ပြုတ်ရာက ကျန်နေမယ့် လက်ကျန်တွေ (Food Wastes) နဲ့ ဓာတုပစ္စည်းသုံးစွဲမထားတဲ့ သဘာဝမြေဆီထွက်စွန့်ပစ်စ္စည်းတွေပဲဖြစ်ပါတယ်။ ဒီလိုသဘာဝဖြစ် စွန့်ပစ်ပစ္စည်းတွေကို လေလုံတဲ့ပုံးတွေ၊ စည်ပိုင်း စတာတွေမှာ EM Bokashi bran လို့ခေါ်တဲ့ ဘိုကာရှီဖွဲနုတစ်မျိုးနဲ့ အချိုးကျရောစပ်ပြီးထည့်ထားလိုက်ရင် နှစ်ပတ်လောက်အတွင်းမှာ အချဉ်ပေါက် လာတတ်ပါတယ်။ အနံ့သက်ဆိုးနဲ့ ရောဂါပိုးမွှား ပြဿနာတွေလည်း မရှိတာကြောင့်၊ မိမိဆန္ဒရှိရင်အိမ်ထဲ၊ ခြံထဲမှာပင် ဘိုကာရှီကိစ္စကိုဆောင်ရွက်နိုင်ပါတယ်။ ဘိုကာရှီနည်းနဲ့ပြုလုပ်ထားတဲ့ပုံးထဲက ပစ္စည်းတွေကို အပင်စိုက်မယ့်မြေမှာ ကျင်းတူးပြီးထည့်တာပဲဖြစ်ဖြစ်၊ ပန်းအိုးတွေထဲမြေဆီနဲ့ ရောထည့်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ သူက အခံမြေနဲ့ရောပြီးကြွယ်ဝဆုံး မြေဆီမြေ သြဇာအဖြစ်လျင်လျင်မြန်မြန် ပေါင်းစပ် ပျော်ဝင်သွားမှာပါ။ ပန်းမန်စိုက်ပျိုးဖို့အတွက်ပဲဖြစ်ဖြစ်၊ နောင်တစ်ချိန် သားသမီးမြေးမြစ်တွေအတွက် အဆီအနှစ် ပြည့်ဝတဲ့မြေဆီလွှာ အမွေအနှစ်ချန်ထား ပေးဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ဘိုကာရှီဟာ အကောင်းဆုံး၊ ပတ်ဝန်းကျင်နဲ့လိုက် လျောမှုအရှိဆုံးသဘာဝနည်းလမ်းပဲဖြစ် ပါတယ်။

ဘိုကာရှီ ဘာကြောင့် အရေးကြီးလဲ
ဒီနေ့ကမ္ဘာမှာ ကြုံနေရတဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ သက်ရှိ အားလုံးရဲ့ ပြဿနာကြီး ၂ ခု ရှိပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပမာဏ အရမ်းများလာလို့ အပူစုပ်ယူအား အရမ်းများလာပြီး၊ ရာသီဥတုပုံသဏ္ဌာန် တွေးအကြီးအကျယ် ဖောက်ပြန်ပြောင်း လဲလာခြင်းပါ။

နောက်တစ်ခုကကျတော့ အစားအစာ ၉၅ ရာခိုင်နှုန်းဝန်းကျင်ရဲ့ မူလ ပင်မ မြေဆီလွှာအရည်အသွေး အကြီးအကျယ် လျော့နည်းပျက်သုဉ်းလာခြင်းပါ။

ဒီလို ပြဿနာကြီး နှစ်ရပ်အတွက် အဖြေက အရမ်းရိုးရှင်းစွာနဲ့ တည်ရှိနေ တာပါ။ ရိုးရှင်းလွန်းလို့ လူတွေက မျက်စိမှားကျော်သွားကြတဲ့အထိပါပဲ။ မြေဆီလွှာကနေ ထွက်ရှိလာသမျှ၊ စိုက်ပျိုး ထုတ်လုပ်ပေးလိုက်သမျှကို လူအပါအဝင် သက်ရှိတွေ မစားသုံး မလိုအပ်တော့တဲ့ အခါ အမှိုက်နာမည်တပ်ပြီး အဆင်ပြေ သလိုမစွန့်ပစ်ဘဲ၊ သူ့ရဲ့မူလဘူတ မြေဆီ လွှာထဲပြန်ထည့်ပေးရမှာပါ။

ဒါမှသာ သဘာဝရဲ့ လုပ်ငန်းစဉ် မကျိုးမပေါက် မပျက်သုဉ်းဘဲ အစီအစဉ်တကျ လည်ပတ်နိုင်မှာမို့ပါ။ Climate Change ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဆိုတာ လေထုထဲ အရမ်း ပမာဏ များပြားလွန်းလာတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကြောင့်ပါ။ ဒါတွေမှာလဲ

အဓိက အကျဆုံး၊ ပမာဏအများဆုံးက ကာဗွန်ပါ။ လေထုထဲမှာ ကာဗွန်ကို ထပ် မလိုအပ်တော့ပါဘူး။ မြေဆီလွှာ မှာ အာဟာရတန်ဖိုးနဲ့ အဆီအနှစ် လျော့နည်းလာတယ်ဆိုတာ Soil Carbon မြေဆီလွှာကာဗွန်ဓာတ် လျော့နည်းလာ တာကိုပြောတာ။ မြေကြီးမှာ ကာဗွန် ဓာတ်အမြောက်အမြား လိုအပ်နေတာ။ ဒါဆို ကိုယ်တို့အသုံးမလိုတော့တဲ့ စွန့်ပစ် ပစ္စည်းတွေကို ပုပ်သိုးပျက်စီးပြီး လေထု ထဲကာဗွန်များအဖြစ် လွင့်ပျံတက် သွားစေမယ့်အစား၊ မလိုအပ်တဲ့နေရာ ထပ်ရောက်စေမယ့်အစား စနစ်တကျ မြေဆီမြေဆွေးပြုလုပ်ပြီး တကယ် ကာဗွန်ဓာတ်လိုအပ်နေတဲ့ မြေကြီးကို အစာကျွေးပေးရင်း ပြဿနာနှစ်ရပ်ကို ရိုးရှင်းတဲ့ ဖြေရှင်းနည်းတစ်ခုထဲနဲ့ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါကြောင့် ဘိုကာရှီက အရေးကြီးနေတာပါ။ အရေးပါနေတာပါ။

မီးဖိုချောင် အမှိုက်မှ ဘိုကာရှီ ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ
၁။ ဘိုကာရှီပုံးပြုလုပ်ရန် လေလုံတဲ့၊ အဖုံးလုံလုံ၊ အဖုံးကြပ်တဲ့၊ ပလပ်စတစ် (ကော်) ပုံး နှစ်ပုံးလိုပါမယ်။ (အချဉ်ဖောက်တဲ့ဖြစ်စဉ်မှာ Gas generation ပါဝင်တတ်တာကြောင့်၊ ကွဲတတ်တဲ့ ဖန်ပုလင်း၊ မှန်ပုလင်းစတာတွေမရပါဘူး။ အီးအမ်အနုဇီဝလေးတွေက စားသုံး ပစ်မှာမို့ သစ်သားနဲ့ သံပုံးတွေလည်းမရ ါဘူး။ ရေရှည်မခံလို့ပါ။)

၂။ Bokashi Bran (ဘိုကာရှီ ဖွဲနုမှုန့်) လိုပါမယ်။

၃။ မီးဖိုချောင်က ထွက်တဲ့ အသီးအရွက်၊ သစ်သီးဝလံ၊ အသားငါး၊ ထမင်းကျန်ဟင်းကျန်၊ ခေါက်ဆွဲ၊ ကြက်ဥ ခွံ၊ တစ်ရှူးစက္ကူ၊ အာလူး၊ ကြက်သွန်ခွံ စတဲ့ ပုပ်သိုးဆွေးမြည့်နိုင်တဲ့ စွန့်ပစ်ပစ္စည်း မှန်သမျှလိုပါတယ်။

ချက်ပြီးသားရော မချက်ရသေး တာရော၊ အသီးအရွက်ရော၊ အသား ငါးပါ ရပါတယ်။ သံပုရာတို့ ရှောက်တို့ လိမ္မော်တို့လို Citrus fruit တွေလဲရပါတယ်။

လုပ်ပုံလုပ်နည်း အဆင့် နှစ်ဆင့်ရှိပါတယ်။
ပထမအဆင့်မှာ
၁။ တစ်နေ့တာ ကိုယ့်အိမ်က ထွက်သမျှ စွန့်ပစ်ပစ္စည်းတွေစုပါ။

၂။ လေ လုံတဲ့ ပုံးမှာ ထည့်ပြီး Bokashi bran (ဘိုကာရှီ ဖွဲနုမှုန့်) ထမင်းစားဇွန်း ၃ ဇွန်းဖြူးပြီး အဖုံး သေချာလုံအောင် ပြန်ပိတ်ထားပါ။

၃။ နောက်ရက်တွေမှာလည်း အထက်ပါနည်းအတိုင်း ဆက်လက် လုပ်ဆောင်ပါ။

၄။ ရက်အနည်းငယ်ကြာလို့၊ ပုံးပြည့်သွားတဲ့အခါ၊ အဖုံးလုံအောင် သေချာပိတ်ပြီး မီးဖိုခန်းထဲ တစ်နေရာရာမှာ၊ တစ်ပတ်လောက် ဒီအတိုင်း ထားလိုက်ပါ။ သူ့ဘာသူ အချဉ်ပေါက်နေ ပါစေ။

၅။ ပထမတစ်ပုံးကို အဲဒီလို ထားနေတုန်း အမှိုက်ကလည်း ဆက်ထွက်နေ အုံးမှာပဲမို့၊ ပုံး နှစ်ပုံးလိုတယ်ပြောတာ ပါ။ ပထမပုံးပြည့်သွားလို့ အချဉ်ပေါက်ဖို့ထားထားစဉ်မှာ၊ ဒုတိယပုံး ကိုလည်း အထက်ပါနည်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ ပုံး နှစ်ပုံး အလဲအလှယ်ရအောင်ပေါ့။ အဆင့် (၁) ကတော့ ဒါပါပဲ။

ဒုတိယ အဆင့်မှာတော့
တစ်ပတ်ကြာတဲ့အခါမှာ၊ အစော က အချဉ်ပေါက်သွားအောင် ထားထားတဲ့ ပုံးကိုထုတ်ယူလာပြီး အပင် စိုက်မယ့်နေရာမှာ မြေကြီးတူး၊ သွန်ထည့်၊ မြေသားနဲ့ပြန်ဖုံးအုပ်ပေး။ တစ်ပတ် ထပ်စောင့်ပြီး အပင်စစိုက်နိုင်ပါပြီ။ တိုက်ခန်းသမားတွေက ပန်းအိုးထဲ ထည့်နိုင်ပါတယ်။

ဒါမှမဟုတ် သစ်ရွက်ခြောက်တို့ မြက်ခြောက်တို့လိုမျိုး စွန့်ပစ်အမှိုက်နဲ့၊ မီးဖိုချောင်ထွက်အမှိုက်ကိုအချဉ်ဖောက်ထားတဲ့ ဘိုကာရှီနဲ့ ဆတူရောစပ်ပြီး မြေဆွေးလုပ်နိုင်ပါပြီ။

အသေးစိတ်ကို
Bokashi Myanmar Facebook နဲ့ http://www.bokashimyanmar.com/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဖုန်းဆက် မေးမြန်းချင်တယ်ဆိုရင်တော့ ဘိုကာရှီ မြန်မာအဖွဲ့ ဖုန်းအမှတ်- ဝ၉၇၇၈၄၀ ၅၈၁၅၊ ဝ၉၂၆၂၄၆၈၈၁၀ သို့ ဆက်သွယ် နိုင်ပါတယ်။

http://www.bokashimyanmar.com/ မှ ခွင့်ပြုချက်ဖြင့် ရယူဖော်ပြသည်။