အရ၊ အလျော့ ရခြင်းနှင့် လျော့ခြင်း

0
790
အရ၊ အလျော့ ရခြင်းနှင့် လျော့ခြင်း

ချဲ့၍ ဆိုရသော် ကိုယ့်တွင် ရရှိ လာခြင်းနှင့် ကိုယ်ထံမှ ယုတ်လျော့ သွားခြင်းဖြစ်သည်။ သတ္တဝါဟူသမျှတို့ ၏ သဘာဝမှာ ကိုယ်က ရလျှင် ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူ ဝမ်းနည်းတတ်၊ နှမြော တတ်ကြပါသည်။ ကိုယ်က ရလိုက်လေ ခြင်းဟု ခံစားမိပြီး အပျော်ကြီးပျော်ကြသူ တို့ကို တွေ့ဖူးပါလိမ့်မည်။ ထို့အတူ ကိုယ်က ပေးလိုက်ရလေခြင်းဟူ၍ တအုံ့ နွေးနွေးနှင့် စုတ်တသပ်သပ်ဖြစ်နေသူတို့ လည်း ရှိပါ၏။

ကျွန်တော်တို့သည် အချိန်နှင့်အမျှ တစ်ခုခုကို သိရန်ကိုသာ အားထုတ်နေ ကြသူများ ဖြစ်သည်။ သို့မဟုတ် တစ်ခုခုကို ရရှိရန် လုံးပမ်းနေကြသည်။ ထိုအချိန် မှာပင် ကျွန်တော်တို့ထံမှ ယုတ်လျော့သွားရမှုများလည်း အခြားတစ်ဖက်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပါသည်။

အမှန်တွင်မူ ရခြင်းနှင့် လျော့ခြင်းသည် ခွဲခြား၍ မရပေ။ တစ်ဖက်က ရလျှင် တစ်ဖက်တွင် လျော့သွား၏။ သို့မဟုတ် တစ်ဖက်က လျော့သွားလျှင် တစ်ဖက်တွင် ရ၏။
ထိုကိစ္စအတွက် အလွယ်ဆုံး ဥပမာမှာ ဈေးဝယ်ခြင်းဖြစ်သည်။ ကျွန်တော် တို့သည် ငွေကြေးတစ်စုံတစ်ရာပေး၍ ပစ္စည်းတစ်ခုခုအား ဝယ်ယူလိုက်သည်။ အရင်ဦးဆုံး၌ ကျွန်တော်တို့တွင်ရှိသည့် ပိုက်ဆံများထဲမှ ပမာဏတစ်ခု ယုတ်လျော့သွားမည်ဖြစ်သည်။ ထို့အတွက် စိတ်ဆင်းရဲရန်ရှိသော်လည်း ဝယ်ယူ လိုက်သောအရာတစ်ခုကို ရရှိမည်ဖြစ်ရာ ထို့အတွက်တဖန် ကျေနပ်ရပြန်ပါသည်။ ခြွင်းချက်အားဖြင့် ဝယ်လိုက်သည့်ပစ္စည်း မှာ ပေးလိုက်ရသော ငွေကြေးနှင့်တွက်စာပါက မတန်ဟု ခံစားရပါက ကျွန်တော် တို့တွင် စိတ်ကျေနပ်မှုကို ခံစားရလိမ့် မည်မဟုတ်ပါ။

ခွက်လွတ်တစ်လုံးထဲသို့ ရေကို ဖြည့်ကြည့်ပါ။ ခွက်အနေနှင့် ရေကို ရရှိလိုက်သည်။ သို့သော် သူ၏ လွတ် နေသော၊ လပ်၍ နေသော ဗလာနယ်လေး တစ်ခု ဆုံးရှုံးလိုက်ရသည်။

ရည်းစားတစ်ယောက် ရရှိသည်ဖြစ်သောကြောင့် ပျော်ရွှင်ကျေနပ်နိုင်ပါသည်။ သို့သော် လျော့သွားသောအရာများကို သတိပြုမိပါက ခင်ဗျားအနေနှင့် ပျော်လိမ့်မည်မဟုတ်တော့ပေ။ မည်သည့်အရာများ လျော့သွားသနည်း ဆိုသည်ကိုမူ ကိုယ့်ဘာသာ စဉ်းစားနိုင် ပါသည်။

လွတ်လပ်မှုဆုံးရှုံးရလေခြင်းဟူ၍ ခံစားမိကာ အိမ်ထောင်သည်ယောကျာ်း တစ်ယောက်သည် အိမ်ထောင်ပြုရခြင်း အပေါ် စိတ်ညစ်ကောင်း ညစ်နေနိုင်ပါသည်။ သူသည် လျော့သွားသည့်အခြမ်းကိုသာ မြင်သူဟုဆိုနိုင်၏။ အခြားတစ်ဖက်တွင် သူရလိုက်သည့်အရာတို့ကို နားလည်လျှင် စိတ်ညစ်ခြင်းများ လျော့သွားပေ လိမ့်မည်။

ရခြင်းနှင့် လျော့ခြင်းသည် ခွဲထုတ်၍ မရပါ။ ပျော်စရာဟူသည်လည်း မရှိပါ၊ ညစ်စရာချည်းလည်း မဟုတ်ပါ။ ဘက် နှစ်ဘက်စလုံးကို မြင်တတ်ရန်သာ လိုပါသည်။
တစ်ခုခုကို သိလိုက်ခြင်းသည် ရရှိခြင်း ဖြစ်၏။ ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် ကိုယ့်ဆီကလည်း တစ်ခုခု လျော့သွားကြောင်းမှာမူ သတိပြုမိဖို့ ခက်ပါသည်။ ရတာကိုပဲ မြင်သည်။

မည်သည်တို့ လျော့သွားသနည်း။
ဦးနှောက်အလွတ်တစ်ခုထဲသို့ အသိ တစ်ခုခုထည့်လိုက်ရသည်။ ထိုအခါ ဦးနှောက်သည် ဗလာဟုတ်မနေတော့။ ဗလာဖြစ်နေမှုမှ တစ်ခုခုရှိနေခြင်းဆီသို့ ရွေ့လျောသွားသည်။ နေရာလွတ်တစ်ခု ဆုံးရှုံးသွားခြင်းဖြစ်သည်။ အဲဒါသည် ကောင်းလား၊ ဆိုးလားဆိုသည်ကတော့ အခြေအနေများအပေါ်တွင် မူတည်ပါ လိမ့်သည်။ မည်သည့်အသိများထည့် သနည်းဆိုသည်နှင့် ယင်းအပေါ် မည်သို့ သဘောထားသနည်းဆိုသည်က အရေးပါလေသည်။

ဆိုပါစို့။ ဘာမှမသိသေးသည့် ကလေး တစ်ယောက်ကို တစ်ခုခုသင်ပေးလိုက်သည်။ ကလေးသည် တစ်ခုခုကို သိသွားမည်။ ဒါသည် ရခြင်းမည်၏၊ ကျေနပ် စရာလည်း ဟုတ်၏။ သို့သော်၊ ဘာမှ မသိဖြစ်နေသောအနေအထား တစ်ခု ပျက်စီးရလေသည်။ အပြစ်ကင်းသော၊ ဖြူစင်သောအနေအထားကို ဆုံးရှုံးရခြင်းလည်း ဖြစ်နိုင်သည်။ ဗလာစာရွက်ဖြူ ပေါ် တစ်ခုခုရေးလိုက်ခြင်းနှင့်လည်း တူပြန်ပါသည်။
အဲဒါကို သတိမထားမိကြပါ။

မန်မိုရီစတစ်တစ်ခုထဲသို့ ဒေတာ များထည့်ခြင်းနှင့် ဆင်တူပါသည်။ ထည့်ခြင်းသည် ရခြင်းဖြစ်ပြီး နေရာလွတ်များ ဆုံးရှုံးသွားခြင်းသည် လျော့ခြင်း ဖြစ်သည်။ အဖိုးတန်ဒေတာများထည့်မိလျှင် ပြဿနာ သိပ်မရှိ၊ တန်သေးသည်။ အသုံးမကျ သည့်အရာများအား ထည့်ထားမိမည်ဆိုပါက ထိုမန်မိုရီစတစ်သည် အသုံးတည့်လာမည်လည်း မဟုတ်ပေ။ ဤနေရာတွင် သက်မဲ့ရုပ်ပစ္စည်းဖြစ်သောကြောင့် မန်မိုရီစတစ်ထဲမှ ဒေတာအချက် အလက်များအား မကြိုက်လျှင် ဒလိပြန် လုပ်၍ ဖျက်ပစ်နိုင်ပါသေးသည်။ လူ့ဦးနှောက်၊ လူ့အသိဉာဏ်တွင် ကား ထိုသို့မလွယ်ပါ။

အသိတစ်ခု သိရခြင်းတွင် ပျော်ရွှင်နိုင်သော်လည်း အသိမှားကိုသိမိခြင်းအတွက် နောင်တစ်ချိန်တွင် မိမိဘဝကို ဆိုးကျိုးပေးလာနိုင်သည်။ လောက ကိုလည်း ဆိုးကျိုးပေးလာနိုင်သည်။ ထိုသို့သောသဘောကြောင့်ပင် မသိတာ ကောင်းသည်ဆိုသည့် ယူဆချက်များ လည်း ပေါ်ပေါက်ဖူးပါသည်။ တချို့ ကိစ္စများသည် သိဖို့မလိုပါ။

ကျွန်တော်တို့ဖုန်းထဲတွင် နေ့စဉ် တက်လာသော အကြောင်းအရာများ၊ သတင်းပလင်းများ အားလုံးကို လိုက်သိ နေရန် မလိုပါ။ လိုက်ကြည့်နေရန် မလို အပ်လှပါ။ ကြည့်လျှင်၊ သိလျှင် ဘာဖြစ် မည်နည်း။ အတိအကျဆိုရန်ခက်သော်လည်း ထိုသို့ များမြောင်ရှုပ်ပွေလှသော အသိများသည် ကျွန်တော်တို့၏ ဦးနှောက်နှင့် စိတ်ကို လွှမ်းမိုးဖိစီးထားမည်ကား အသေအချာဖြစ်ပါသည်။ ထိုလွှမ်းမိုး ဖိစီးထားမှုသည် နောက်ကွယ်မှနေ၍ ကျွန်တော်တို့အား စေ့ဆော်တွန်းအား ပေးနေမည်ဖြစ်သည်။

အသိဥာဏ်အတွင်းသို့ ဖြည့်သွင်းမိလိုက်သည့်အမှတ်အသားတို့ကို ပြန်ဖျက်ရန်မှာ မန်မိုရီစတစ်တွင် ဒလိလုပ် သကဲ့သို့ မလွယ်၊ ဖောမက်ချဖို့လည်း မလွယ်ပါ။ စိတ်ကျန်းမာရေးဆေးရုံများ၊ ပညာ ရှင်များထံတွင် နည်းနာခံ၍ အချိန်တစ်ခု ကြာအောင် ပြန်ကြိုးစားကြရသည်။ တချို့က တရားစခန်းများဆီသို့ ရောက်သွားကြသည်။ အချို့က ကျင့်စဉ်တစ်နည်း နည်းဖြင့် ပြန်ကုစားကြရသည်။

တစ်ချိန်တည်းမှာပင် သိလိုက်ခြင်း၏ အခြားတစ်ဘက်က ဆုံးရှုံးသွားသည် တို့ကို ဆင်ခြင်ရန်လိုပါသည်။ ထို့အတူ သိပြီးလျှင် ထိုအရာကို မသိချင်ဘူးကွာ ဟူ၍ လွယ်လွယ်လုပ် မရပါ။

အလင်းရောင် ဝင်လာသည်နှင့် အမှောင်သည် ချက်ချင်း ထွက်ခွာသွား သည်ဟူသော စကားရှိပါသည်။ ထိုစကားသည် အရ၊ အလျော့ ဖြစ်စဉ်အတွက် အကောင်းဆုံးသော အကိုးအကားဖြစ်ပါသည်။

အထက်တွင် အစပျိုးခဲ့သလို ကျွန်တော်တို့သည် အချိန်နှင့်အမျှ တစ်ခုခုကို သိရန်ကိုသာ အားထုတ်နေ ကြသူများ ဖြစ်သည်။ သို့မဟုတ် တစ်ခုခုကို ရရှိရန် လုံးပမ်းနေကြသည်။
ကျွန်တော်တို့ရလိုက်သော အရာတို့သည် အမှန်တကယ်ပင် ကောင်းမွန်နေဖို့ရန် အရေးကြီးပါသည်။ ထိုသို့ ရရှိလိုက်ခြင်းအတွက် လျော့သွားသော အရာတို့သည်လည်း ကျွန်တော်တို့ ထံ တွင် ရှိနေသည့် အဆိုးများသာ ဖြစ်စေရပါမည်။ ကောင်းသောအရာများ လျော့ပါးသွားခြင်း မဖြစ်ရ။ မဖြစ်စေသင့်ပါ။

အရ၊ အလျော့ သဘောတရားသည် မိမိ၏ တစ်ကိုယ်ရေဘဝနေထိုင်မှုမှသည် နိုင်ငံလုံးချီ၊ ကမ္ဘာလုံးချီသည့် ကိစ္စတစ်ခုတွင်လည်း မြင်တွေ့နိုင်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း လူများစွာက ပြောဆိုနေကြသည်ကို တွေ့မြင်မိပါလိမ့်မည်။ သို့သော် ထိုစကားလုံးနှင့် ပတ်သက်၍ ပြဿနာများ ရှိနသေည် ကိုလည်း လူများစွာကပင် သတိပြုမိနေ ခဲ့ကြသည်မှာ ကြာပါပြီ။ ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် အငြင်းပွား စရာများ၊ သတိထားဆင်ခြင်ဖွယ်ရာများ ရှိနကြေောင်း ယခုခေတ်တွင် ပညာရှင်များက ပို၍ပို၍ ထောက်ပြလာကြပါသည်။ အမှန်တကယ်ဖွံ့ဖြိုးခြင်းဟု ခေါ်နိုင်သလော၊ သဘာဝပတ်ဝန်းကျင် နှင့် ရှိရင်းစွဲ လူနေမှုဘဝများ ဆုတ်ယုတ်သွားသည် မဟုတ်လောဆိုသည့် အငြင်းအခုံများ ဖြစ်သည်။

ခေတ်မီရုပ်ဝတ္ထုပစ္စည်းများနှင့် အဆောက်အအုံများအား မိမိတို့က ရရှိလိုက်ခြင်းဖြစ်သည်မှာ မှန်ပါသော်လည်း ထို့အတွက် ပေးလိုက်ရသည့် သို့မဟုတ် ဆုံးရှုံးသွားရသည့် အရာများကား မည်သည်တို့ဖြစ်သည်တို့ကို အသအေချာ အဖန်ဖန်သုံးသပ်ရန် လိုပါ သည်။

စီမံကိန်းကြီးများထံမှ ရရှိမည့် အကျိုးကျေးဇူးများသည် အရဘက်ခြမ်းဖြစ်ပြီး ထိုဘက်ခြမ်းကိုသာ မစားရ ဝမခန်း ပြောဆိုနေရုံမျှဖြင့် မပြီးပါ။ လျော့သွားမည့်ဘက်ခြမ်းကိုလည်း အာရုံစိုက်ဖို့ လိုပါမည်။ အရနှင့် အလျော့ကို တွက်ချက်တတ်ဖို့ လိုပါသည်။ ဤ နရောတွင်လည်း အလေးအနက် စဉ်းစားရန်မှာ စီမံကိန်းကြီးများသည် ကနဦး ရည်မှန်းထားသည့်အတိုင်း ရာနှုန်းပြည့် အောင်မြင်ခဲ့သည်ထားဦး။ ယင်းအတွက် လျော့သွားသည့်၊ ပေးဆပ်လိုက်ရသည့် အရာများလည်း ရှိပါသည်။ အကယ်၍ စီမံကိန်းသာ မအောင်မမြင်ဖြစ်ခဲ့မည် ဆိုပါကမူ မိအေး နှစ်ခါနာသည်ကိန်းသာ။

အထူးသဖြင့် မူဝါဒချမှတ်သူများ၊ အာဏာ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိထား သူများသည် ထို အရ၊ အလျော့နိယာမကို ပို၍ပင် ဆင်ခြင်သုံးသပ်နိုင်ရန် လိုပါ လိမ့်မည်။ ထိုသို့ ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားသူများ ဖြစ်သင့်ပါသည်။

အရကိုသာ ကြည့်ပြီး အလျော့ဘက်ကို မကြည့်ပါက၊ ကြည့်နိုင်စွမ်း မရှိပါက ငါးစာသာမြင်ပြီး ငါးမျှားချိတ်အား မမြင်သည့် ငါးမိုက်ကဲ့သို့သာ ဖြစ်ပါလိမ့်မည်။