မြေဇာပင် မြန်မာ့နိုင်ငံရေး ပြည်သူကို မျက်နှာမူကြပါ

0
827
Dawei Watch, Dawei News, Dawei News Media

ဇန်နဝါရီလ ၂၆ ရက်က တပ်မတော်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား” ဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မရပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းအပြင် ဇန်နဝါရီလ ၂၇ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲစည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင်ဖျက်ပစ်မည်ဟု ကာကွယ်ရေး တက္ကသိုလ်သို့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းသို့သောပြောဆိုချက်များထွက်ပေါ်လာပြီးနောက်တွင် တပ်မတော်က အာဏာသိမ်းမည်လောဟူသည့် စိုးရိမ်သူများရှိလာကြသည်။ လတ်တလောအခြေအနေနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည့် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ မဲဆန္ဒပေးခဲ့တဲ့ပြည်သူတွေ ဒီလောက် အန္တရာယ်တွေကြားထဲက မဲရုံသွားခဲ့တဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လေးလေးစားစား လိုက်နာမှာလားဆိုတာ ဒါနံပါတ်တစ် အရေးအကြီးဆုံးပဲဗျ။ ကျွန်တော် အဲဒါကို မျက်ခြည်ပြတ်မခံစေချင်ဘူး။ အဲဒီလုပ်ငန်းစဉ် သုံးခုကို ပြီးပြတ်အောင်မြင်အောင် လုပ်စေချင်တယ်။

ဒီကနေ့မှာဖြစ်ပျက်နေတဲ့ အရာမှန်သမျှက အဲဒီလုပ်ငန်းစဉ်တွေကို ထိခိုက်စေချင်တာလား။ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ချင်တာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်၊ ကျန်တဲ့ကိစ္စတွေကို ပြောမယ်ဆိုတာလား။ ကျွန်တော် အဲဒါကို ရှင်းရှင်းလင်းလင်းလိုချင်တာဗျ။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လို့ ကျွန်တော်နားလည်တယ်။

ဒီကြားထဲမှာ လမ်းပေါ်မှာ ပဋိပက္ခဖြစ်နိုင်တာတွေ၊ ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်။ ကိုယ့်ရဲ့ရပ်တည်ချက်ကို ငြိမ်းချမ်းစွာ လမ်းမထွက်ဘဲနဲ့ ဖော်ပြတဲ့နည်းတွေများစွာရှိပါတယ်။ အခုခေတ်မှာ နည်းပညာခေတ်ကြီးမှာ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ခုခံကြရလိမ့်မယ်။

ဦးမင်းကိုနိုင်(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
(Myanmar Now သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်)


အမှန်ကတော့ တပ်မတော်က နိုင်ငံရေး၊ စစ်ရေး အောက်စည်းရောက်နေပြီ။ အဲဒါကို ဆွဲတင်လိုက်တာ။ တင်လိုက်တဲ့အခါမှာ တင်ပုံတင်နည်း မျိုးစုံရှိတယ်။ သူတင်တဲ့ နည်းက မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ သူ့အတွက်လည်း မကောင်းဘူး။ ဒါပေမယ့်မို့လို့ သူ့အတွက်က နောက်ဆုံး အချိန်ဖြစ်နေပြီ။

တိုင်းပြည်အတွက် တပ်မတော်အတွက် နောက်ဆုံးမဟုတ်ဘူးနော်။ သူ့အတွက်က နောက်ဆုံးဖြစ်နေပြီ။ အဲဒီတော့ သူက မလုပ်ရင် မဖြစ်တော့ဘူး။ အဲဒါကြောင့်မို့လို့ သူက အာဏာသိမ်းမယ်လို့ ခြိမ်းခြောက်ပြီးတော့ သိမ်းမယ်ပေါ့။ သူက ဘက်ပေါင်းစုံကနေ တွေးထားတော့ ၂၀ဝ၈ အခြေခံဥပဒေအတွင်းကလည်း ဘယ်လိုမှ လုပ်မရဘူး။ သူလည်း သိသွားပြီ။ သိနေတဲ့အခါကျတော့ သူက ဘာလုပ်လိုက်လဲဆိုတော့ ပြောချလိုက်တာပေါ့။ သူက အပေါ်စီးကနေ ဒေါ်အောင်ဆန်းစုကြည် ကို ဆွေးနွေးမယ်ပေါ့။ နိုင်ငံရေးအရ အပေါ်စီးကနေ ဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ မြင်တယ်။

မဲစာရင်း မှားယွင်းမှု စစ်ပေးလိုက်ရင်လည်း မပြီးဘူး။ အဲဒါက အကြောင်းပြတာ။ မဲစာရင်းကြောင့်မဟုတ်ဘူး။ အကြောင်းပြနေတာ။ တကယ့်ဟာက သူတို့ကိုယ်တိုင် ရွေးကောက်ပွဲ ပြန်လုပ်ချင်တယ်။ ရှုံးလို့ကွာ။ ဖဲရိုက်တော့ ရှုံးတော့ ပြန်ရိုက်မယ်ဆိုတာမျိုးပေါ့ကွာ။ ရှုံးတော့ ပြန်ရိုက်မယ်ပေါ့။ တကယ်တမ်းက ရိုက်ရမလား။ ဓားမြှောင်ထောက်လိုက်တယ်။ မရိုက်ဘူးလား ရိုက်မလားဆိုတော့ ပြန်ရိုက်ရတယ်လေ။ ဟုတ်တယ်မလား။ ဖဲဝိုင်းမှာ လူမိုက်လုပ်သလို လုပ်တာ။ ရွေးကောက်ပွဲတွေ ပြန်လုပ်မှာ။ ရွေးကောက်ပွဲတွေ ပြန်လုပ်ချင်တာ။

ဦးကြီးမြင့်(တရားလွှတ်တော်ရှေ့နေ)
(ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်)


မီဒီယာသမားတွေအမြင်နဲ့ အရပ်ဘက်အမြင်ကျတော့ အာဏာသိမ်းမယ့်အရိပ်အယောင်မျိုးပြောတယ်လို့ ယူဆရတာပေါ့။ သို့သော် ဥပဒေအမြင်ရကျတော့ အာဏာသိမ်းဖို့ အစီအစဉ်တော့မရှိဘူး။ ဥပဒေအရ ဆက်လုပ်မယ်ဆိုတဲ့အနေအထားမျိုးပြောသွားတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူပြောတဲ့ အထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရယ်၊ အခြေခံဥပဒေနဲ့မဆန့်ကျင်တဲ့ တည်ဆဲဥပဒေများအရ ဥပဒေဘောင်ထဲကပဲ သူလုပ်နိုင်သ၍ ဆက်ပြီးလုပ်သွားမယ်လို့ ပြောသွားတာပေါ့။

(မဲစာရင်းကိစ္စတွေကို အစိုးရနဲ့ UEC က မဖြေရှင်းတဲ့အပေါ်မှာ) ဖြစ်နိုင်တာက နှစ်ခုပေါ့။ တစ်ခုကတော့ လာမယ့် တတိယအကြိမ်သက်တမ်းမှာ ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးခြင်းအားဖြစ်ဖြစ်စေ၊ အဆိုတင်သွင်းခြင်းအားဖြင့်ဖြစ်စေ ဒါကိုဆက်လက် ပြီးဆောင်ရွက်ရလိမ့်မယ်လို့ မြင်တယ်။ အနိုင်ရပါတီအနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတဲ့ ပြဋ္ဌာန်းချက်အတိုင်းပဲ ဆက်လုပ်နေမှာပဲ။ တစ်ဖက်ကလည်းပဲ လွှတ်တော်ပေါ်ပေါက်လာပြီဆိုရင် ဒီရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ဖြေရှင်းခွင့်တောင်းခံခွင့်ရှိလာမယ်။ UEC ကို ပြည်ထောင်စုလွှတ်တော်ရှေ့ မှောက်ခေါ်ယူပြီးတော့ ရှင်းပြဖို့လွှတ်တော်က အခွင့်အာဏာရှိလာမယ်။ အဲဒီအခါမှ ရှင်းမပြဘူးဆိုရင် သူ့ကိုစွပ်စွဲပြစ်တင်ပြီးတော့ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်ကလည်းရှိနေတယ်ဆိုတော့ ဒါကိုရေရှည်ဆောင်ရွက်ရမယ့်ကိစ္စလို့မြင်ပါတယ်။

ဦးခင်မောင်မြင့်(ဥပဒေပညာရှင်)
(The Voice သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်)


အာဏာသိမ်းမယ်ဆိုတာကတော့ ကျွန်တော်တို့ တစ်လျှောက်လုံးကတော့ အာဏာသိမ်းမယ့် ဆိုးကျိုးတွေ တောက်လျှောက်ခံခဲ့ရတာ အဲဒီတော့ အာဏာသိမ်းမယ်ဆိုတာက တပ်မတော်ရဲ့ ပုံရိပ်ကော၊ နိုင်ငံတော်ရဲ့ ပုံရိပ်ကော ထိခိုက်တယ်။ ဒါကြောင့်မို့လို့ အခုလို ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေ၊ လူမှု ဒုက္ခတွေ၊ ကျန်းမာရေး ပြဿနာတွေ၊ နောက် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ အဲဒီလောက် ရှုပ်ထွေးနေတဲ့ အချိန်မှာ အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့ အဆင့်အထိ မရောက်သင့်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ရတာက ၈၈ အာဏာသိမ်းပွဲပဲ။ အာဏာသိမ်းတဲ့အခါ ကျွန်တော်ကိုယ်တိုင် တောထဲ ထောင်ထဲ တတိယနိုင်ငံတွေ အခုထက်ထိ မိသားစုနဲ့ ပြန်မဆုံနဲ့သူတွေ အညတရနဲ့ ပျက်စီးသွားတာတွေ အများကြီးကြုံခဲ့ပြီးပြီ။

အဲဒီတော့ နောက်ဆုံးပြောရရင် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ဖို့ ကြိုးစားတာက အတတ်နိုင်ဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးခဲ့ကြတာ။ ဆိုတော့ အဲဒီလမ်းကြောင်းကို စွန့်ခွာလိုက်ကြပြီလား။ ပြည်သူတွေရဲ့ မျက်နှာကို မကြည့်ကြတော့ဘူးလား။ ကျွန်တော်ကတော့ အဲဒါကို မေးချင်တယ်။

ကျွန်တော်တို့ပြည်သူတွေက အစိုးရအဆက်ဆက်မှာ ကျောကော့အောင် ခံခဲ့ရတာ။ အဓိကကတော့ ဘက်အသီးသီးက တာဝန်ရှိတဲ့သူတွေက ပြည်သူကို မျက်နှာမူဖို့ ပြည်သူရဲ့ အကျိုးကျေးဇူးကို ရှေးရှု ဖို့၊ ဒါပဲ တိုက်တွန်းချင်တယ်။

ဦးကိုကိုကြီး(ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)
(ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်)


ဟိုအရင် ရွေးကောက်ပွဲမတိုင်မီ ၃၄ ပါတီနဲ့ တွေ့တုန်းက ဘာမဆို လုပ်ရဲပါတယ်ဆိုတဲ့ကိစ္စကို ပြန်ပြီး စဉ်းစားဖို့လိုမယ်ထင်တယ်။ ဆိုတော့ အခုပြောတာက အတော်ကြီး ပြင်းပြင်းထန်ထန် ရှိတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက ဒီနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ပြောတဲ့ မိန့်ခွန်းတွေက အပြင်ကို ပြောလေ့ပြောထမရှိဘူး။ အခု အပြင်ကို ထုတ်လိုက်တာကလည်း ထူးခြားမှု တစ်ခုပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့က ပြောလိုက်တဲ့ မိန့်ခွန်းကြောင့် နိုင်ငံရေးလောကမှာပဲ ဖြစ်ဖြစ်၊ ပျာပျာသလဲတွေဖြစ်ကုန်တာပေါ့။ မဖြစ် သင့်မဖြစ်ထိုက်တာတွေပေါ့။

သူပြောသလို အခြေခံဥပဒေ ဖျက်မယ်ဆိုရင်တော့ မကောင်ဘူးပေါ့။ မကောင်းဘူးဆိုတာ ခက်တာပေါ့ လုပ်ရတာ။ ကျွန်တော်တို့က ၂၀ဝ၈ အခြေခံဥပေဒကို မကြိုက်တဲ့အခါကျတော့ ဖျက်ရင်လည်း ဘာမှ ပြဿနာမရှိဘူး။ ဒါပေမယ့် ဖျက်တာ တင်မကဘဲ အာဏာပါသိမ်းမယ့် သဘောရှိတော့ ဒါက မကောင်းဘူး။ မကောင်းဘူးဆိုတာက မဖြစ် စေချင်ဘူးပေါ့။

အကောင်းဆုံးကတော့ ထိပ်တိုက်တွေ့နေတဲ့ အဖွဲ့အစည်းကြီးနှစ်ခုကနေပြီးတော့ သဘောတူညီ ချက်တစ်ခုရသွားရင် အကောင်းဆုံးပဲ။ နှစ်ဘက် သဘောတူနိုင်တဲ့ အချက် ရှိရင် အကောင်းဆုံးပေါ့။ အဆိုးဆုံးကတော့ တပ်မတော်အာဏာသိမ်းတာတို့ ဘာတို့ ဖြစ်လာနိုင်တာပေါ့။ အဆိုးဆုံးကတော့ ဘယ်သူမှ ဖြစ်ချင်မှာမဟုတ်ဘူး။

စိုင်းညွန့်လွင် (ဒုဥက္ကဋ္ဌ ၁၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် -SNLD)
(ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်)