ကားလမ်းအပေါ်မှ ကျောက်သယ်စက်ကိရိယာကိစ္စ စစ်ဆေးမည်

0
143
ကားလမ်းအပေါ်မှ ကျောက်သယ်စက်ကိရိယာကိစ္စ စစ်ဆေးမည်

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာရှိ လမ်းခင်း ကျောက်တုံးကဲ့သို့သော ကျောက်တုံးများကို သယ်ယူရန်အတွက် ကားလမ်းအပေါ် ဖြတ်ဆောက်ထားသော စက်ကိရိယာ ကိစ္စ စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တိုင်းဦးစီးမှူး က ပြောသည်။

ယင်းကျောက်သယ်စက်ကိရိယာကို Rock Mountain ကုမ္ပဏီက ကျောက်တုံးများသယ်ယူရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် ကျောက်တောင်မှ ထွက်ရှိလာသော ကျောက်တုံးများကို ဒေသအခေါ် တရုတ်ဆိပ်ကမ်းခြေမှ တစ်ဆင့် ရန်ကုန်မြို့သို့ သင်္ဘောဖြင့် တင်ပို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျောက်တောင်မှထွက်လာသည့် ကျောက်တုံးများကို တရုတ်ဆိပ်ကမ်းခြေသို့ သယ်ယူရန်အတွက် ခရင်းချောင်းနှင့် ထွက်ဝကျေးရွာသို့သွားသော ကျေးရွာ ချင်းဆက်လမ်းကို အပေါ်မှဖြတ်ကာ ရွေ့လျားတံတား ပုံစံဆောက်လုပ်ထား ခြင်းဖြစ်သည်။

ကျောက်များကိုသယ်ယူချိန် လမ်းဖြတ်ကူးမိပါက ကျောက်တုံးများ အပေါ်က ပြုတ်ကျလာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ကျောက်မှုန့်များ ရှူရှိုက်နေရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့စိုးရိမ်မှုရှိသော်လည်း ကျောက်ထုတ်လုပ်ခွင့်ရ ကုမ္ပဏီက ကျေးရွာဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် အခြားရွာအတွက်လိုအပ်သည်များကို ထောက်ပံ့ထားသဖြင့် သက်ဆိုင်ရာထံ တိုင်ကြားရန် တွန့်ဆုတ်နေကြသည်။

“ဘယ်သူမှမပြောကြဘူး။ ဘယ် ပြောကြမလဲ။ ရွာဖွံ့ဖြိုးရေးအတွက်ဆိုပြီး ပိုက်ဆံလည်းလှူပေးတာရှိတာကိုး” ဟု အမည်မဖော်လိုသည့် ဥယျာဉ်လုပ်ကိုင် သူ အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ကျောက်တုံးများသယ်ယူရာတွင် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည့် စက်ပစ္စည်များ တပ်ဆင်ထားခြင်း ရှိ/ မရှိ၊ ကျောက်မှုန့်များလွင့်စင်နေမှု အခြေအနေတို့ကို စစ်ဆေးပြီး လိုအပ် ချက်ရှိနေပါက ပြန်လည်ပြုပြင်ခိုင်း မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။

“စစ်ဆေးပြီးတော့ လိုအပ်တာကို လုပ်ဆောင်ပေးမှာပါ” ဟု အထက်ပါ ဌာန တိုင်းဦးစီးမှူးက ဆိုသည်။

အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုချက်ရထားသည့် ကုမ္ပဏီဖြစ် ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ် တမ်း (EIA) ရေးဆွဲတင်ပြထားဆဲဖြစ် ကြောင်း ၎င်းက ဆိုသည်။ ပုံမှန်အားဖြင့် EIA တင်ပြပြီးမှ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလေ့ရှိပြီး ယင်းကုမ္ပဏီမှာ ထိုသို့သော လုပ်ငန်းစဉ် စည်းမျဉ်းများ မချမှတ်မီ ကတည်းက လုပ်ကိုင်ခွင့်ရထားကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

ကျော်သူစိုး