စပါးဈေးကောင်းနေသဖြင့် တနင်္သာရီတိုင်းအစိုးရ စပါးမဝယ်ဖြစ်

0
206
စပါးဈေးကောင်းနေသဖြင့် တနင်္သာရီတိုင်းအစိုးရ စပါးမဝယ်ဖြစ်

တနင်္သာရီတိုင်းအတွင်း အခြေခံ စပါးဈေးနှုန်းအောက်ကျဆင်းနေပါက လယ်သမားများထံမှ စပါးဝယ်ယူရန် စီစဉ်ထားသော်လည်း စပါးဈေးကောင်း နေသဖြင့် မဝယ်ဖြစ်တော့ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

တိုင်းအစိုးရသည် အခြေခံဈေးနူန်း စပါးတစ်တင်းလျှင် ငါးထောင်နှစ်ရာ ကျပ်ဖြင့် စပါးတင်း နှစ်သိန်းကို ငွေကျပ် တစ်ဘီလျံကျော်ဖြင့် ဝယ်ယူရန် ပြည်ထောင်စုလယ်ယာထုတ်ကုန်စီမံခန့်ခွဲ ရေးအဖွဲ့ထံ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက တင်ပြခဲ့သည်။

တိုင်းအတွင်းရှိ စပါးပေါက်ဈေးမှာ အစိုးရကသတ်မှတ်ထားသည့် အခြေခံ ဈေးနူန်းထက်ပိုနေသည်။ ထားဝယ်ခရိုင်တွင် အနိမ့်ဆုံးစပါးဈေးနူန်းမှာ တစ်တင်းလျှင် ကျပ်ခြောက်ထောင်ငါးရာ ဝန်းကျင်တွင် ရှိနေသည်။ ဝန်ကြီးဒေါ်ရီရီချို၏ အဆိုအရမူ တိုင်းအတွင်း စပါးတစ်တင်း ခြောက်ထောင်မှ ရှစ်ထောင်အကြားတွင် ရှိနေသည်။

ယင်းအတွက်ကြောင့် စပါးမဝယ် ဖြစ်တော့ဘဲ အခြေခံဈေးနူန်းအောက် ကျဆင်းလာပါက ဝယ်ယူနိုင်ရေး ပြည်ထောင်စုလယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

“စပါးဈေးမြင့်သွားတော့ တောင်သူတွေ အဆင်ပြေသွားတာပေါ့” ဟု ဒေါ်ရီရီချို က ဆိုသည်။

ယမန်နှစ်ကထက် စပါးဈေး ကောင်းနေသဖြင့် နွေစပါးစိုက်သူများလည်း ပိုများလာနေကြောင်း ထားဝယ်မြို့နယ် ဇဟာရွာမှ လယ်သမားအချို့က ပြောသည်။

တိုင်းအစိုးရသည် ယမန်နှစ်ကတည်း က လယ်သမားများထံမှ စပါးဝယ်ယူ ရန်စီစဉ်ခဲ့သော်လည်း စီမံချက်ရေးဆွဲ ချိန်နောက်ကျသွားသဖြင့် မဝယ်နိုင်ခဲ့ပေ။

ကျော်သူစိုး