လေကြောင်းဖြင့်ပို့ခြင်းကြောင့် စာတိုက်ပစ္စည်း ပို့ခဈေးတက်

0
154
Dawei Watch, Dawei News, Dawei News Media

စာတိုက်ပစ္စည်းများကို လေကြောင်းဖြင့် ပို့ဆောင်နေခြင်းကြောင့် ပို့ခဈေး တက်လာခြင်းဖြစ်သည်ဟု မြန်မာ့ စာတိုက်လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်ထွန်းက ပြောသည်။

စာတိုက်ပစ္စည်းများ၏ လုံခြုံမှုနှင့် အမြန်ရောက်ရှိနိုင်မှုအတွက် လေကြောင်း လိုင်းဖြင့် ပို့ဆောင်ရန် မြန်မာ့စာတိုက် လုပ်ငန်းဗဟိုက ညွှန်ကြားထားသဖြင့် လေယာဉ် ပြန်လည်ပြေးဆွဲသည့် ဒီဇင်ဘာ ၁၈ ရက် ကတည်းက စမ်းသပ် ပို့ဆောင်နေသည်ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။

စာတိုက်ပစ္စည်းများပို့ရန် စာချုပ် ချုပ်ဆိုထားသည့် ကားမှာ ကိုဗစ်ကြောင့် ရပ်နားထားသဖြင့် အလျဉ်းသင့်သည့် ကုန်တင်ကားများဖြင့် တင်ပို့နေရပြီး ယခင်က တစ်ရက်သာကြာသည့် စာတိုက် ပစ္စည်းများမှာ ကိုဗစ်ကာလတွင် တစ်ပတ် မှ နှစ်ပတ်ခန့်အထိ ကြာမြင့်သွားကြောင်း ၎င်းက ပြောသည်။

“ကုန်ကားနဲ့ပို့ရတာကျတော့ စာချုပ်လည်းမရှိဘူးလေ။ စာချုပ် ချုပ်မထားတဲ့အခါ ပျောက်ဆုံးသွားရင်လည်း သူတို့က အလျော်အစားရှိမှာ မဟုတ်ဘူး။ စာတိုက်ပစ္စည်းတွေက သာမန်ပြည်သူတွေက ပို့လိုက်တဲ့ဟာက ပြဿနာ မရှိဘူး။ လျော်လိုက်လို့ရပေမယ့် ဒီဌာန ဆိုင်ရာ လျှိူ့ဝှက်စာတွေ ဘာတွေကျတော့ အခက်အခဲတွေဘာတွေ အများကြီး ရှိတယ်” ဟု ဦးအောင်မြင့်ထွန်းက ဆိုသည်။

ယင်းသို့ လေကြောင်းလိုင်းကို အသုံးပြုကာ ပို့ဆောင်နေခြင်းကြောင့် လေကြောင်းခမှာ ပစ္စည်းတစ်ခု၏ အလေးချိန်အပေါ်မူတည်ကာ ပေးဆောင်ရသဖြင့် စာတိုက်ပို့ခများ ဈေးတက်လာခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။

အလေးချိန် ၂၀ ဂရမ်မှ ၂၀ဝ၀ ဂရမ်ရှိ ရိုးရိုးစာကို ယခင်က မော်တော်ယာဉ်ဖြင့် ပို့စဉ်က ပုံမှန်အားဖြင့် နှစ်ရာ ကျပ်မှ နှစ်ထောင်ကျပ်ခန့်သာ ပေးရသော်လည်း လေကြောင်းလိုင်းဖြင့် ပို့ရသဖြင့် ၂၀ ဂရမ်မှ ၂၀ဝ၀ ဂရမ်ကို ကျပ်သုံးရာ မှ သုံထောင်ခြောက်ရာကျပ် ခန့်အထိ ရှိလာသည်ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။

အလေးချိန် ၅၀ဝ ဂရမ်မှ ၁၀ဝ၀ဝ ဂရမ်ရှိ ချောထုပ်ကို ယခင်က ၈၀ဝ ကျပ်မှ သုံးထောင် ကျပ်ခန့်သာပေးရသော်လည်း လေကြောင်းလိုင်းဖြင့်ပို့ရသည့်အခါ ၂၈၀ဝ မှ ၂၃၀ဝ၀ ကျပ်အထိ ပို့ခ ဈေးတက်လာကြောင်း ၎င်းက ပြော သည်။

မြိတ်စာတိုက်နှင့် ကော့သောင်း စာတိုက်များမှာ ယခင်ကတည်းက လေကြောင်းလိုင်းဖြင့် ပို့ဆောင်နေပြီး ထားဝယ်စာတိုက်မှာ ယခုမှ လေကြောင်းလိုင်းဖြင့် စမ်းသပ်ပို့ဆောင်နေခြင်းဖြစ်သည်ဟု ဦးအောင်မြင့်ထွန်းက ပြောသည်။

အလားတူ ကိုဗစ်ကာလတွင် ပစ္စည်းပို့သည့် ကားခများ ထက်ဝက်နီးပါး ခန့်ဈေးတက်သွားကြောင်း ယာဉ်လိုင်း အချို့၊ ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းအချို့နှင့် အွန်လိုင်းရောင်းချနေသူများ ထံမှ သိရသည်။

မိုးမြင့်