ကျွဲသုံးညီမရွာ လှေသမားများထံ ရေတပ်မှ ငွေကောက်ခံခြင်းမရှိ

0
164
Dawei Watch, Dawei News, Dawei News Media

ရေဖြူမြို့နယ် ကျွဲသုံးညီမကျေး ရွာအုပ်စု ချပုံးရွာတွင် မောရဝတီရေတပ် က လှေသမားတစ်ဦးလျှင် ငွေကျပ်နှစ် သောင်းစီး လိုက်လံကောက်ခံနေသည်ဆိုသည်မှာ နာလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ယင်းကျေးရွာသားများကပြော ကြားသည်။

ကျွဲသုံးညီမကျေးရွာအုပ်စု ချပုံး ကျေးရွာရှိ လှေငယ် ၂၇ စီးအား တစ်စီးလျှင် ကျပ်နှစ်သောင်းနှုန်းတောင်းခံခဲ့ပြီး ၁၇ ဦးမှာ ပေးဆောင်ခဲ့ကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။

မူလက ကောက်ခံစဉ်က မောရဝတီ ရေတပ်စခန်းမှ ကောက်ခံကြောင်း ပြောဆိုခဲ့သော်လည်း ယင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ငွေကောက်ခံရာတွင် ပါဝင်သူတို့ကို မေးမြန်းချက် အရ သိရသည်။

ပိုက်ဆံကောက်ခံရသည့်အကြောင်း အရင်းမှာ ကျန်းမာရေး၊ လူမှုရေးကိစ္စ ရှိလာပါက အလွယ်တကူအသုံးပြုနိုင်သည့် အများပိုင်လှေတစ်စီးရရှိလာစေရန်၊ ယင်းလှေကို မောရဝတီရေတပ်မှ ရိက္ခာသယ်ရန် အကူအညီတောင်းခံလာပါက အသုံးပြုနိုင်ရန်အတွက် ကောက်ခံ ခြင်းသာဖြစ်ကြောင်း လှေသမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်အေးက ဆိုသည်။

“ရည်မှန်းချက်ကတော့ တကယ်လို့ တပ်ကလာပြီးတော့ခိုင်းမယ်ဆိုလို့ရှိရင် သူ့ဆီနဲ့သူသွား၊ တကယ်လို့ရွာထဲက ရောဂါအနာတစ်ခုခုရှိမယ်ဆိုရင် သူ့ဆီနဲ့ သူသွားနိုင်အောင်လုပ်တာ” ဟု ဦးတင်အေးက ဆိုသည်။

ငွေကောက်ခံရာတွင်လည်း မဖြစ် မနေထည့်ဝင်ရမည်ဟုကောက်ခံခြင်းမဟုတ်ဘဲ စေတနာအလျောက် ထည့်ဝင်ခိုင်းခြင်းမျှသာ ဖြစ်ကြောင်း လှေသမားအချို့က ပြောသည်။

လှေသမားများ သဘောမတူပါက ယင်းကိစ္စအား ဆက်လုပ်ဆောင်မည် မဟုတ်ဘဲ ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကမ်းရိုးတန်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မြင့်ဇော်ဦးက ပြောကြားသည်။

ဒေသခံတို့ကလည်း ရေတပ်က ထိုသို့ ငွေကောက်ခံလေ့မရှိဘဲ သွားလာ စရာ ရှိပါက တစ်ခါတစ်ရံ လှေအကူအညီတောင်း ပို့ဆောင်စေလေ့သာ ရှိကြောင်း ပြောဆိုကြသည်။

ကျော်သူစိုး