မြို့ ပြ သယ်ယူပို့ဆောင်ရေးအတွက် ကိုဗစ်ပြောင်းပစ်လိုက်သော ရိုက်ချက်

0
253

တကယ်တော့ မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် အရင်ကတည်းက မေးခွန်းတွေ၊ ပြဿနာတွေ ရှိနှင့်ပြီးသားပါ။ မြို့တွေဟာ ကားတွေ၊ စက်တပ်ယာဉ်အတွက်ကိုပဲ စဉ်းစားလုပ်ဆောင်ခဲ့တာ၊ ဘတ်စ်ကားလိုင်းတွေ၊ ရထားလိုင်းတွေ ကျပ်သိပ်နေတတ်တာ၊ မြို့ပြမှာ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ အချိန်ကုန်၊ ငွေကုန်တာ အဲဒီ ပြဿနာတွေ ရှိနှင့်နေပြီးသားပါ။ ကိုဗစ်ကပ်ဘေးဖြစ်လာတော့ ကျပ်သိပ်နေတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေဟာ ရောဂါပိုဆိုးစေဖို့ ဖြစ်လာပါတယ်။ သွားလာကူးသန်းဖို့ သက်သက် လမ်းပေါ်မှာ အချိန်ဖြုန်းနေရတာတွေဟာ ရောဂါပို ပြန့်စေဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ကိုဗစ်ကပ်ဘေးဖြစ်လာတော့ အပြောင်းအလဲတွေ ပိုမြန်မြန်လုပ်ဖို့ ဖြစ်လာပါတယ်။ အဓိက ဖြစ်နိုင်ခြေ အပြောင်းအလဲတွေက ဘာတွေလဲ။

မြို့ဟာလူတွေ အတွက်ပါ

မြို့ကြီးတွေမှာ ကားတွေ၊ စက်တပ်ယာဉ်တွေ ပိုများလာတာနဲ့အမျှ ယာဉ်ကြော ကျပ်လာတယ်။ ယာဉ်ကြော ကျပ်တာကို ဖြေရှင်းဖို့ လမ်းတွေ ချဲ့ကြတယ်။ လမ်းချဲ့တော့ လူ သွားစရာနေရာတွေ ဖဲ့ပေးလိုက်ရတယ်။ အချို့ဆိုရင် မြို့မှာ ရှေးအစဉ်အဆက် ကတည်းက ရှိလာခဲ့တဲ့ အမွေအနှစ်နေရာ၊ အဆောက်အအုံနေရာတွေကိုပါ ဖဲ့ပေးလိုက်ရတယ်။ အခုတော့ မြို့ဆိုတာ လူတွေ အတွက်ဖြစ်တယ်၊ မော်တော်ယာဉ်တွေပဲအတွက် စဉ်းစားလုပ်ကိုင်တဲ့ မူဝါဒ မှားတယ်ဆိုတာ ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။ ဒါကြောင့် မြို့တွေမှာ ကားလမ်းတွေ ကျဉ်းပစ်တယ်။ အဲဒီအစား လူသွားလမ်း ကျယ်ကျယ် ပြန်လုပ်တယ်၊ သစ်ပင်တွေ ပြန်စိုက်တယ်။ အချို့မြို့လယ် နေရာမှာဆိုရင် ကားကို လုံးဝပိတ်ပင်လိုက်တယ်၊ လူလမ်းလျှောက်ဖို့နဲ့ စက်ဘီး စီးဖို့ အတွက်ပဲထားတော့တယ်။

စက်ဘီးမြို့တော်များ

ကပ်ဘေးကာလမှာ လူအများစုစုဝေးဝေး မဖြစ်အောင် အစိုးရတွေ စီမံလာတာနဲ့ အမျှ စက်ဘီး စီးပြီး ခရီးသွားလာတာကို ပိုအားပေးလာပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာဆိုရင် ကိုဗစ် ကာလမှာ ကားလမ်းအချို့ ပိတ်ပင်လိုက်ပြီး စက်ဘီးလမ်းတွေ ယာယီလုပ်ထားလိုက်တယ်။ အခုတော့ ကပ်ဘေး အလွန်မှာလည်း စက်ဘီးလမ်းတော်တော်များများကို ဆက်ထားဖို့ ရှိနေတယ်။ အိန္ဒိယမှာ ဆိုရင်လည်း မြို့နေပြည်သူတွေဟာ ကျပ်သိပ်နေတဲ့ လိုင်းကား၊ ရထားတွေ စီးဖို့ထက် စက်ဘီး၊ ဆိုင်ကယ် အသေးလိုမျိုး နှစ်ဘီးတပ်ယာဉ်တွေ စီးသွားဖို့ ပိုလိုလားကြတယ်လို့ ဆိုပါတယ်။

၁၅ မိနစ်မြို့တော်

ကိုဗစ်မှာမှ ပိုထင်ရှားလာတဲ့ အိုင်ဒီယာပါ။ ကိုဗစ်ကပ်ဘေးကာလမှ မြို့ပြနေသူတွေဟာ ခပ်ဝေးဝေးမသွားရတော့ အနီးအနားဝန်းကျင်မှာပဲ နေထိုင်ရှင်သန်နိုင်အောင် လုပ်ရပါတယ်။ အရင်က မသွားဖူးတဲ့ ကိုယ့်ရပ်ကွက်ထဲက နေရာတွေကို သွားလာဖြစ်တယ်၊ ရပ်ကွက်ထဲက ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပိုသိလာတယ်။ အိမ်နီးချင်းတွေနဲ့ ပိုသိလာတယ်။ အဲဒီမှာ ၁၅ မိနစ် မြို့တော်ဆိုတဲ့ အိုင်ဒီယာ ပိုပေါက်လာပါတယ်။ ကိုယ့်အနီးအနား ၁၅ မိနစ် ဝန်းကျင်မှာ လိုအပ်တာ အားလုံးရှိအောင်ပါ။ စားသောက်စရာ၊ ဆေးရုံဆေးခန်း၊ အလုပ်အကိုင်နေရာ အားလုံး ၁၅ မိနစ်အတွင်း ရောက်နိုင်ရမယ်၊ ရောက်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ အိုင်ဒီယာပါ။ ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာတော့ ဒီအိုင်ဒီယာနဲ့ စလုပ်နေပါပြီ။ အခြားမြို့ကြီးတွေလည်း လိုက်လာပါတော့မယ်။

မြို့ဟာ နေပျော်ဖွယ်

အားလုံး ချုပ်ပြောရရင်တော့ မြို့တွေကို နေပျော်ဖွယ်ဖြစ်အောင် လုပ်ရမယ်ဆိုတာ ကပ်ဘေး အကြားမှာ ပိုလက်ခံလာပါတယ်။ လူတွေ ခရီးဝေးဝေးနှင်စရာမလိုတဲ့ နေရာတွေမှာ အလုပ်အကိုင်တွေ ရှိအောင် ဖန်တီးပေးရမယ်။ အပန်းဖြေနေရာတွေရှိရမယ်။ ပန်းခြံ သစ်တောတွေ ရှိရမယ်။ လေကောင်း လေသန့်ရှိရမယ်။ ကာဗွန်ထုတ်လုပ်မှု နည်းရမယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ် လိုင်းတွေ၊ ရထားလိုင်းတွေ ကြပ်သိပ်မနေရဘူး။ ရောဂါပျံ့ပွားရာနေရာ မဖြစ်ရဘူး။ မြန်မာပြည် က မြို့တွေမှာကော ဘယ်လိုစဉ်းစားနေကြပါသလဲ။

Ref: Cordis, bee smart city, BBC worklife, Business Today