တရားမဝင် မြေကွက်ရိုက်ရောင်းမှု အရေးယူမယ်

0
196
ကမြောကင်းနဲ့ နခံတော ရွာတွေကို သွားစစ်ခဲ့တဲ့ ဝန်ကြီးချုပ်

တရားမဝင်မြေအကွက်ရိုက်ရာမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူတော့မယ်လို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုထားပါတယ်။

ဒီလိုတရားမဝင်မြေအကွက်ရိုက်ရောင်းချရာမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပတ်သတ်နေတယ်လို့လည်း သူကဆိုပါတယ်။ ဒါကြောင့်မို့ အကျင့်ပျက်နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အရေးယူဖို့ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောပါတယ်။

မြေပြင်မှာတော့ မြေအကွက်ရိုက်ရောင်းနေတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြပြီး အထူးသဖြင့် ထားဝယ်ခရိုင်ထဲမှာ အများဆုံးဖြစ်နေတာပါ။

ဒီလိုပြောဆိုပြီးလို့ မကြာမီ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်မြို့ တစ်ဖက်ကမ်းက ကမြောကင်း ကျေးရွာအုပ်စုနဲ့ နခံတော ကျေးရွာတွေကို သွားရောက်ခဲ့ပြီး ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေပေါ်မှာ မြေယာပြုပြင်ပြီး တရားမဝင်အကွက်ရိုက်ထားရှိမှုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

နောက်ပြီးတော့ တရားမဝင်မြေယာ အကွက်ရိုက်ရောင်းသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

မြေအကွက်ရိုက်ရောင်းသူတွေဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အမျိုးမျိုး လှည့်ဖျားရောင်းချလေ့ရှိပါတယ်။

Dawei Watch ရဲ့ စုံစမ်းစစ်ဆေးချက်အရ ထားဝယ်ဒေသမှာ တရားမဝင်မြေအကွက်ရိုက်ရောင်းချနေတာတွေကို လုပ်ငန်းရှင် ဆယ်ဦးဝန်းကျင်ကပဲ ချယ်လှယ်နေတာပါ။

အကွက်ရိုက်ရောင်းသူတွေ အရေးယူမယ်လို့ ဝန်ကြီးချုပ်က မကြာခဏ ပြောတတ်ပေမဲ့ မြေအကွက်ရိုက်ရောင်းတာတော့ ဆက်တိုက် ဖြစ်နေဆဲပါ။

ပုံ- ကမြောကင်းနဲ့ နခံတော ရွာတွေကို သွားစစ်ခဲ့တဲ့ ဝန်ကြီးချုပ်