တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် စထိုးမည်

0
189

တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၂၆၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် (ဇန်နဝါရီ ၂၇) စထိုးပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးနေပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။

“မနက်ဖြန် ပြည်သူ့ကျန်းမာ၊ ကုသရေး၊ တိုင်းရင်းဆေး၊ FDA တို့ဘာတို့ ထိုးမယ်၊ ကျန်တာ သူ့ညွှန်ကြားချက်လာလိမ့်မယ်” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများကို မည်သည့်နေ့တွင် ထိုးပေးရမည်ကို မသိရသေးဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေကို ရက်သတ္တပတ် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်ရှီး (COVISHIELD) အမည်ရှိ ကာကွယ်ဆေးကို မြန်မာတွင် လူ ခုနှစ်သိန်းခွဲ အတွက် ပထမအသုတ် ခွဲတမ်း ရရှိထားသည်။ ယင်းအနက် တနင်္သာရီတိုင်းအတွက် လူ ၂၆၀၀ အတွက် ခွဲတမ်း ရရှိထားခြင်း ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး တစ်ပုလင်းလျှင် လူ ၁၀ ဦးခန့်ထိုး၍ရပြီး တနင်္သာရီတိုင်းအတွက် ကာကွယ်ဆေး အလုံးရေ ၃၀၀ နီးပါး ခွဲတမ်းရရှိထားသည်ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ အသက် ၁၈ နှစ်အောက်ကလေးများ၊ ကိုဗစ်လူနာများ၊ ကိုဗစ်သံသယလူနာများ မထိုးသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသမှု ခံယူထားသူများ၊ ခုခံအားကျရောဂါရှိသူများ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးတစ်ခုခု သုံးစွဲနေရသူများ ကာကွယ်ဆေးထိုးသင့်/မထိုးသင့်ကို သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ကြိုတင်တိုင်ပင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက လူ ၁၀ ဦးတွင် တစ်ဦးတွင် သာမန်ခံစားနိုင်သည့် လက္ခဏာများမှာ ဆေးထိုးသည့်နေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ရာသီတုပ်ကွေးရောဂါကဲ့သို့ (ဖျားခြင်း၊ အာသီးရောင်ခြင်း၊ နှာချေ/ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်းတို့ ပြတတ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် လူ ၁၀၀ တွင် တစ်ခန့်မှာ ကာကွယ်ဆေးထိုးပြီးပါက မူးဝေခြင်း၊ ယားယံခြင်း၊ ချွေးထွက်လွန်ခြင်း၊ အစာစားချင်စိတ်ချော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြန်ရည်ကျိတ်များကြိတ်ခြင်းတို့ ဖြစ်နိုင်ပြီး ကာကွယ်ဆေးနှင့် ဓာတ်တည့်မှု ရှိ/မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ/မရှိ သေချာစေရန် ဆေးထိုးပြီးပါက နေရာတွင် မိနစ် ၃၀ ခန့် စောင့်ဆိုင်းရန် အရေးကြီးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးပါက ဆေးမှတ်တမ်းကို မပျောက်မပျက်စေရန် စနစ်တကျသိမ်းဆည်းကာ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူချိန်တွင် မပျက်မကွက်ယူလာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် နည်းပညာအသစ်ဖြင့် အချိန်တိုအတွင်း ထုတ်လုပ်ထားသော ကာကွယ်ဆေးအသစ်များဖြစ်၍ ယခုအချိန်၌ သိရှိထားသော သတင်းအချက်အခက်များသည် ပြောင်းလဲမှုများရှိလာနိုင်ပြီး သတင်းအချက်အလက် အသစ်များ ထပ်မံ သိရှိပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မိုးမြင့်