မြေကွက်ရိုက်ရောင်းရာတွင် ပါဝင်ပတ်သက်သော နိုင်ငံ့ဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးတို့ကို အရေးယူရန်ပြင်

0
745
သောကြာပြင်ကျေးရွာရှိ မြေကွက်ရိုက်ထားသောအိမ်ယာမြေများ

တရားမဝင်မြေအကွက်ရိုက်ရောင်းချရာတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံ့ဝန်ထမ်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ထိထိရောက်ရောက်အရေးယူနိုင်ရေး ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။

လယ်ယာမြေနှင့် ဥယျာဉ်ခြံများကို အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေအကွက် ရိုက်ရောင်းရာတွင် နိုင်ငံ့ဝန်ထမ်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပါဝင်ပတ်သက်နေကြောင်း အထောက်အထားရယူနေပြီး ရရှိပါက သက်ဆိုင်ရာဥပဒေဖြင့် ထိထိ ရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

“အထောက်အထားနဲ့တကွ ဒီဟာကိုတွေ့ပြီ သိပြီဆိုရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအလိုက် နိုင်ငံ့ဝန်ထမ်းလည်း နိုင်ငံ့ဝန်ထမ်းအလိုက် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီ အရေးယူဖို့အတွက် ပြင်ဆင်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ဆိုသည်။

ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း မြေအကွက်ရိုက်ရောင်းချမှု အများဆုံးဖြစ်နေပြီး အခြားမြို့နယ် များတွင်လည်း ရှိနေသည်။

မြေအကွက်ရိုက်ရောင်းချသူများက လက်ရှိလယ်ယာမြေဥပဒေ၏ ပျော့ကွက် ဟာကွက်အပေါ် လက်တစ်လုံးခြားလုပ် ကိုင်နေကြ သည့်အတွက် ယင်းဥပဒေအပြင် စီမံခန့်ခွဲရေးနည်းလမ်းအရပါ အရေးတော့မည်ဖြစ်ကြောင်း ဦးမြင့်မောင် က ဆိုသည်။

ထိုကြောင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများအား စိစစ်တင်ပြခိုင်းထားပြီး တွေ့ရှိချက်အပေါ် အခြေခံကာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိမြေအကွက်ရိုက်ရောင်းချနေခြင်းမှာ လူနေထိုင်မည့်မြေနေရာလိုအပ်ချက်ကြောင့် ဖြစ်နေရခြင်းဖြစ်သည့် အတွက် မြို့ရွာမြေအကွက်များ စနစ်တကျ ဖော်ဆောင်နိုင်ရေး စီစဉ်သွားမည်ဖြစ် ကြောင်း ဦးမြင့်မောင်က ဆိုသည်။

“လိုအပ်ချက်များတဲ့နေရာတွေက တော့ ဦးစားပေးပြီးတော့ပေါ့။ မြို့မြေ ရွာမြေတွေစနစ်တကျ ပေါ်ပေါက်လာရေးအတွက်ကို ကျွန်တော်တို့ ဆောင်ရွက် သွားမှာပါ။ တရားမဝင် မြေကွက်ဖော်နေ တဲ့ဟာတွေကိုတော့ ခိုးပြီးတော့လုပ်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ မလုပ်စေချင်ဘူး။ ဒါကအန္တရာယ်များပါတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် မြေအကွက် ရိုက်ရောင်းချမှု စတင်ဖြစ်ပေါ်ချိန်မှ လက်ရှိအချိန်ထိ ထိထိရောက်ရောက် အရေးယူနိုင်မှု အားနည်းသည့်အတွက် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိသည်။