နည်းပညာမျက်လုံးအောက် စောင့်ကြည့်ခံကြရသူများ

0
1129
နည်းပညာမျက်လုံးအောက် စောင့်ကြည့်ခံကြရသူများ

ကပ်ရောဂါဆိုး ကိုဗစ်ကြုံကြရသောအခါ ကမ္ဘာတစ်လွှားရှိ လူအများတို့သည် အခြေအနေအရ အခြားသူများနှင့် ပုံမှန် သွားလာလှုပ်ရှားဆက်သွယ်ခြင်းကို ရှောင်နေရသည်။ ကိုဗစ်က လူလူချင်း ခပ်ခွာခွာနေစေသဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခြင်းကို ဖုန်း၊ အင်တာနက် အခြေပြု ဆက်သွယ်ရေးဖြစ်သော အီးမေးလ်လျှပ်ချောစာ စနစ်များ၊ ရုပ်မြင် သံကြားဆက်သွယ်ရေးစနစ်များ၊ လူမှု ကွန်ရက် ဆက်သွယ်ရေးစနစ်များကို ပို၍သုံးလာသည်။ ယခင် ကိုဗစ်ကပ် မတိုင်မီကပင်လျှင် လူ့အဖွဲ့အစည်းကြီးသည် ပြောင်းလဲလာနေသော ဆက်သွယ်ရေး နည်းပညာများကြောင့် အင်တာနက် အခြေပြု ဆက်သွယ်ရေးနည်းစနစ်များကို ပိုမိုတိုးတက်သုံးစွဲလာလျက်ရှိရာ ကိုဗစ်က ထိုအခြေအနေကို အားဖြည့်လိုက်၏။ တစ်ဖက်တွင်လည်း နည်းပညာ၏ စောင့်ကြည့်ထောက်လှမ်း အသုံးချမှုကို လူပေါင်းများစွာ မသိမသာရော သိသိ သာသာပါ ခံလာရနေ၏။ ကိုဗစ်ကြောင့် နည်းပညာကုမ္ပဏီအချို့ အလွန်အလုပ် ဖြစ်လာ၏။ ဥပမာ Zoom ရုပ်မြင် သံကြားဆက်သွယ်ရေးစနစ်ကို ပံ့ပိုးပေးသော ကုမ္ပဏီဖြစ်သည်။ ယခင်ကာလများက Zoom ကို မြန်မာပြည်တွင် လူသိမများခဲ့သော်လည်း ယနေ့အချိန်တွင် Zoom ခေတ်ဟုဆိုရလောက် အောင်ပင် အသုံးတွင်လာ၏။ သို့ရာတွင် Zoom သည် သုံးစွဲသူများ၏ အချက်အလက်များလုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အစောပိုင်းတွင် နာမည် ဆိုးထွက်ခဲ့သော ဆက်သွယ်ရေးနည်းပညာ အက်ပ်တစ်ခုဖြစ်သည်။

မြန်မာပြည်သူအများစုသုံးသော လူမှုကွန်ရက် ဖေ့စ်ဘုတ်ကား လူငယ်များကြားတွင်မက လူလတ်ပိုင်း လူကြီး ပိုင်းများတွင်ပါ ပို၍ ခေတ်စားလာ၏။ ဖေ့စ်ဘုတ်သည် အစိုးရအဖွဲ့ဝင်များကအစ တခုတ်တရ သုံးကြသော လူမှုကွန်ရက်ကြီးတစ်ခုဖြစ်လာကာ အစိုးရ၏ လုပ်ငန်းဆောင်တာများသည်ပင် နေ့စဉ် အနှီဖေ့စ်ဘုတ်ကြီးနှင့် မကင်း နိုင်တော့လောက်အောင်ဖြစ်လာသည်။ ဖေ့စ်ဘုတ်အခြေပြု နိုင်ငံရေး စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေးကိစ္စများသည် နေ့စဉ် စက္ကန့်မလပ်အောင် ဖြစ်ပေါ် နေလျက်ရှိပါသည်။ ဖေ့စ်ဘုတ်မဟုတ်သော အခြားသော လူမှုကွန်ရက်နည်း ပညာ အချို့ မြန်မာပြည်တွင်သုံးစွဲသူရှိသော်လည်း ဖေ့စ်ဘုတ်နှင့် ယှဉ်လျှင်တော့ နည်းပါသည်။ ကမ္ဘာတစ်လွှား ဖေ့စ်ဘုတ် သုံးကြသူ စုစုပေါင်း သန်းသုံးထောင်ကျော်ရှိသည်ဟုဆိုပါသည်။

ဖေ့စ်ဘုတ်ကို အခမဲ့သုံး၍ရသဖြင့် အင်တာနက်ဖိုးသာရှိလျှင် စိတ်ကြိုက် တစ်နေကုန် သုံးသော်လည်း ဖေ့စ်ဘုတ် ကုမ္ပဏီက သုံးစွဲသူထံမှ တစ်ပြားတစ် ကျပ်မှ မယူပါချေ။ သို့ရာတွင် ဖေ့စ်ဘုတ် ကုမ္ပဏီက သုံးစွဲသူတိုင်းထံမှ လူမှုကွန်ရက် သုံးနေသည့် အချိန်တိုင်းတွင် ယင်းအတွက် အလွန်အသုံးဝင်သော ဝင်ငွေ အမြောက်အမြားရစေသော အချက်အလက် များစွာကို ရယူနေ၏။ ထို့ကြောင့် ဖေ့စ်ဘုတ်သည် ငွေကြေးမပေးရသော အခမဲ့ဖြစ် သော်လည်း သုံးစွဲသူများက ယင်းတို့၏ အချက်အလက်များကို ဖေ့စ်ဘုတ်ထံ အဖိုးအခအားဖြင့် ပေးနေရ၏။ ဥာဏ်ရည်တု (Artificial Intelligence)နည်းပညာ ခေတ်စားလာသည့်နောက်တွင်တော့ ဖေ့စ်ဘုတ်သည် သုံးစွဲသူများ ၏ အချက်အလက်များကို သုံးကာ သုံးစွဲသူများကိုပင် ပြန်လည် ခြယ်လှယ် ကြိုးကိုင်နိုင်သော အခြေအနေမျိုးသို့ ရောက်နေပြီဖြစ်ကြောင်း ဖြစ်ရပ်အချို့ကို ပြန်သုံးသပ်၍ နည်းပညာကျွမ်းကျင်သူများက ဆိုထားကြသည်။ သုံးစွဲသူတစ်ဦးချင်းစီက ယင်းတို့ ဖေ့စ်ဘုတ်စတင် အသုံးပြုစဉ် (အကောင့်စဖွင့်စဉ်)က ဖြည့်သွင်းခဲ့သော အချက်အလက်များကို သာမက သုံးစွဲသူတစ်ဦးချင်းစီ၏ နှစ်သက်ခြင်း (Like) မှတ်ချက်ပြုခြင်း (Comment) ဝေမျှခြင်း (Share) ကြိုက်နှစ်သက်သော စာမျက်နှာများနှင့် ဝင်ရောက်ထားသော အသင်းအဖွဲ့အုပ်စုများ အစရှိသော အရာများကိုပါ ဖေ့စ်ဘုတ်က မှတ်ထား၏။ Messenger ဆက်သွယ်ရေးအက်ပ် ကတစ်ဆင့် သုံးစွဲသူများ အပြန်အလှန် ပေးပို့နေသော အရာများကိုလည်း ဖေ့စ်ဘုတ်က မစောင့်ကြည့်ဟု အတပ်မပြော နိုင်ချေ။ ခြုံပြောရလျှင် ဖေ့စ်ဘုတ်က သုံးစွဲများကို အစဉ်စောင့်ကြည့်နေသည့် သဘောဖြစ်သည်။

မကြာသေးမီက အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပြီးတွင် ဖေ့စ်ဘုတ်တည်ထောင်သူ ဇူကာဘက်က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူများ လာအောင် ကြိုးပမ်းနိုင်ခဲ့ကြောင်း သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးခဲ့သည်။ အမေရိကန်ပြည်သူပေါင်း ၄.၄ သန်းခန့် ကို မဲစာရင်းသွင်းနိုင်အောင် သူ၏ နည်းပညာ အက်ပ် (Apps) များ ကတစ်ဆင့် ကူညီနိုင်ခဲ့ကြောင်းဆိုထားသည်။ ဤ သည်က ဖေ့စ်ဘုတ်သည် လူအများ အပေါ်မည်မျှ လွှမ်းနိုင်သည်ဆိုသည့် အချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၀၁၆ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်ရာတွင် ဖေ့စ်ဘုတ်သုံးစွဲသူ သန်း ၅၀ ခန့်၏ အချက်အလက်များ အသုံးချခံခဲ့ရသည်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ဖေ့စ်ဘုတ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော သတင်းအချက်အလက်နည်းပညာ ကုမ္ပဏီတစ်ခုကတဆင့် ဤသို့သော ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်ကထွက်ပေါ်ခဲ့သော The Great Hack ၊ Brexit နှင့် Social Dilemma အမည်ရ မှတ်တမ်းရုပ်ရှင်များကို ကြည့်လျှင်ပင် လူမှုကွန်ရက် နည်းပညာများသည် သုံးစွဲသူများကို စောင့်ကြည်ကာ မည်သို့ ကိုင်တွယ်နေကြောင်း သိနိုင်သည်။

စီးပွားရေးလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်းများ၊ ကုန်တိုက်ကြီးများနှင့် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ အစရှိသော လုပ်ငန်းများစွာတို့သည် သုံးစွဲသူများ၏ အချက်အလက်မှတ်တမ်းများကို နည်းပေါင်းစုံနှင့်ရယူကာ ယင်းတို့၏ လုပ်ငန်းများအတွက် အသုံးချနေကြသည်သာဖြစ်သည်။ လူအချို့က ရယ်စရာပြောသည့်အနေဖြင့် သားသမီးများ၏ အကြောင်းကို အုပ်ထိန်းသူ မိဘများထက် အရောင်းဆိုင်ကြီးများ၊ လူမှု ကွန်ရက်နည်းပညာကုမ္ပဏီနှင့် ဘဏ်လုပ်ငန်းများက ပို၍သိနားလည်နေကြပြီ ဟု ဆိုတတ်ကြပါသည်။

ကိုဗစ်နှင့်အတူ နိုင်ငံအချို့တွင် တရားဝင်ဖြစ်လာသော လေ့လာစောင့် ကြည့်မှုများကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ကိုဗစ်ကူးစက်မှုကို ခြေရာ ခံနိုင်ရန်ဟုဆိုကာ နိုင်ငံအချို့၏ အစိုးရများက ပြည်သူများ၏ ဖုန်းများအတွင်း ခြေရာခံဆော့ဝဲလ်တစ်မျိုးကို တရားဝင် ထည့်စေပါသည်။ ထိုအခါတွင် ပြည်သူများ၏ သွားလာလှုပ်ရှားမှုသည် အစိုးရ၏ နည်းပညာအရ စောင့်ကြည့်မှုအောက်သို့ ရောက်သွားပြီဖြစ်သည်။ ဤနေရာ တွင် ပြည်သူတစ်ဦးချင်းစီ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာလည်း ကန့်သတ်ခံလိုက်ရသည့် အနေအထားမျိုးဖြစ်သည်။ အစိုးရများကမူ ပြည်သူတို့ကို စောင့်ကြည့်မှုမှ ရရှိသော သတင်းအချက်အလက်များကို ပြည်သူ့အကျိုးအတွက်သာ သုံးမည်ဟု အာမဝန္တာ ခံလေ့ရှိကြသော်လည်း အမှန်တကယ်တွင် ထိုအချက်အလက်များသည် မည်သို့ အသုံးချခံနေရသည်ကို အလွယ်သိရန် ခက်ခဲသည့် အနေအထားမျိုးဖြစ်သည်။

သုံးစွဲသူတို့၏ အချက်အလက်များကို ထိန်းသိမ်းပေးရန် အာမခံချက်မရှိသော လူမှုကွန်ရက်ကို သုံးသူများအနေဖြင့် အချိန်တိုင်းလိုလို နည်းပညာ၏ စောင့်ကြည့်ထောက်လှမ်းမှုကို ခံနေရကာ အချက်အလက် အမြတ်ထုတ်ခံနေရသော်လည်း နည်းပညာကုမ္ပဏီကြီးများမှာမူ ထိုသတင်းအချက်အလက်များကြောင့်ပင် ကြီးပွားလာနေသည်။ ထိုသို့သော ကုမ္ပဏီကြီးများကို အစိုးရများက ထိန်းရန် ခက်နေတတ်သည်။ ဖေ့စ်ဘုတ်၊ Zoom စသော ကုမ္ပဏီများသည် မြန်မာပြည်သူများနှင့် စီးပွားရေးလုပ် သည်ဆိုပါစို့။ ဥပမာ ဖေ့စ်ဘုတ်တွင် ကြော်ငြာထည့်ခြင်း၊ Zoom အကောင့် ဝယ်သုံးခြင်းမျိုးဖြစ်သည်။ ထိုသို့ အင်တာနက်အခြေပြု စီးပွားရေးသည် ဒေါ်လာသန်းရာထောင်ချီ စီးပွားဖြစ်နေ နိုင်သော်လည်း အစိုးရများက အခွန်ပင် မကောက်ခံနိုင်ဘဲ ကြည့်နေရသည်။ ဖေ့စ်ဘုတ်သည် မြန်မာပြည်သားများထံမှ ကြော်ငြာကို အခကြေးငွေယူကာ လက်ခံ ကြော်ငြာပေးနေသော်လည်း ထို စီးပွားရေးလုပ်ခြင်းအတွက် မြန်မာ အစိုးရသည် အခွန်ဘဏ္ဍာငွေမည်မျှ ရပါသနည်းဟူသည်ကား စိတ်ဝင်စား ဖွယ်ဖြစ်နေသည်။

သုံးစွဲသူများကို အခါမလပ်စောင့် ကြည့်ကာ ပြုပြင်ပြောင်းလဲနေသော တိုးတက်လာနေသော နည်းပညာများ၏ ဆိုးကျိုးများစွာကလည်း အသင့်ရှိနေသည်။ မလိုလားအပ်သော ပြဿနာများ၊ စိတ်အညစ်အကြေးများသည် လူအများထံ လူမှုကွန်ရက်မှတစ်ဆင့်ရောက်လာ တတ်သည်။ မုသားသတင်း ပလီပလာ အညှီအဟောက်များသည် မိနစ်ပိုင်းအတွင်း ကမ္ဘာပတ်သွားနိုင်ပြီဖြစ်သည်။ လူမှုကွန်ရက်အခြေပြုကာ ဒုစရိုက်မှုမျိုး စုံကလည်း နေ့စဉ်ဖြစ်နေ၏။ ထိုအရာများ ဆိုးကျိုးများကို (လူမှုကွန်ရက်သုံးသော)စာရှုသူ မခံစားရသေးလျှင်ပင် လူမှုကွန်ရက်သုံးသည်နှင့်အမျှ စောင့်ကြည့်ခံနေရပြီ၊ အသုံးချခံနေရပြီဖြစ်ကြောင်း သတိကပ်သင့်လှပေသည်။

ကိုးကား- https://sopa.tulane.edu/blog/key-social-media-privacy-issues-2020

https://www.forbes.com/sites/kalevleetaru/2018/12/15/what-does-it-mean-for-social-media-platforms-to-sell-our-data/?sh=73e86fc22d6c

ဝေယံထွဏ်း