ကိုဗစ်ကြောင့် ကံပေါက် အပ်ထိုး၊ မီးနင်းပွဲ မကျင်းပဖြစ်

0
255
Dawei Watch, Dawei News, Dawei News Media

နှစ်ပေါင်းသုံးဆယ်နီးပါးကျင်းပလာခဲ့သည့် ရေဖြူမြို့နယ် ကံပေါက်ရွာရှိ ဆာရီကာလီယမ္မားမယ်တော်ကြီး ဟိန္ဒူ ဘုရားကျောင်းမှ အပ်ထိုး၊ မီးနင်းပွဲမှာ ကိုဗစ်ကန့်သတ်ချက် လူစု၊ လူဝေး လုပ်ခွင့်မရှိသဖြင့် မကျင်းပဖြစ်တော့ကြောင်း ယင်းဘုရားကျောင်းထံမှ သိရသည်။

ယင်းပွဲတော်သည် ကံပေါက်ဒေသတွင် အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ စပြီး နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိကြောင်း ဘုရား ကျောင်းပူဂျာရီ ဦးစိုးဝင်းက ဆိုသည်။

“လူစုလူဝေးလုပ်မရလို့ ပွဲတော် မကျင်းပဖြစ်ပေမယ့် ရိုးရာပူဇော်ပွဲကိုတော့ ဘုရားကျောင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့အညီ ပြုလုပ်မယ်” ဟု ဦးစိုးဝင်း က ဆိုသည်။ ရိုးရာပူဇော်ပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ယခင်က ယင်းပွဲတော်ကို ငါးရက် တိုင်တိုင်ကျင်းပလေ့ရှိပြီး ပထမရက်တွင် အလံတင်၊ ဒုတိယနှင့် တတိယရက်တို့တွင် ဘုရားကျောင်းတွင် မီးပုံဖြင့် မီးပူဇော်ခြင်း၊ လေးရက်မြောက်နေ့တွင် ရွာအတွင်းလှည့်ခြင်းတို့ကိုဆောင်ရွက်သည်။ နောက်ဆုံးနေ့တွင် ကံပေါက်ရွာ စက်ကုန်းရပ်ကွက်ရှိ မိချောင်းအိုင် ချောင်းတွင် ရေချိုးသန့်စင်ပြီး အပ်ထိုး၊ မီးနင်းခြင်းကို ဆက်လက်ကျင်းပလေ့ ရှိသည်။

၂၀၁၁ ခုနှစ်ကလည်း ကျေးရွာလမ်း ပြုပြင်နေသဖြင့် ယင်းပွဲတော်တစ်ကြိမ် မကျင်းပဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ယင်းပွဲတော်ကို ကံပေါက်ရွာ ဘောလုံးကွင်းတွင် နှစ်စဉ်ကျင်းပလေ့ ရှိသည်။

ငြိမ်းချမ်း