အာဆီယံ အဏ္ဏဝါ ဥယျာဉ်အတွင်းမှ တစ်ဖက်စောင်းနင်း မြေခွဲတမ်း

အာဆီယံ အဏ္ဏဝါ ဥယျာဉ်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူလျှောက်လမ်းသာ ဖောက်ခွင့် ရှိသည်ဆိုသော အဏ္ဏဝါထိန်းသိမ်းရေး နယ်မြေအတွင်း မိုင်ချီသော မော်တော်ကားလမ်း တစ်ခု ဖောက်လုပ်ထားသည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်း အဏ္ဏဝါထိန်းသိမ်းရေး ဥယျာဉ်ဖြစ် သည့် လန်ပိ အမျိုးသား ဥယျာဉ်အတွင်း အနည်းဆုံး အကျယ် ၁၂ ပေမှ ၁၅ ပေ အကြားရှိ မော်တော်ယာဉ်လမ်းတစ်ခု ဖောက်လုပ်ထားသည်ကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းက တနင်္သာရီအပတ်စဉ် က တွေ့ရှိခဲ့ရသည်။ ကူဘိုတာ (Kubota) မြေထိုးစက်ယန္တရားကို အသုံးပြု၍ ဖောက်လုပ်ထားကြောင်း လက်ရာခြေရာ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။

ဒီဇင်ဘာလ နှောင်းပိုင်းက မျက်မြင်တွေ့ရှိမှုအရ လမ်းဖောက်ထားမှုမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးပြီး လမ်းဘေးရေမြောင်းငယ်များ၊ တံတားများ၊ လမ်းအောက်ရေဆင်းမြောင်းများလည်း ပါဝင်သည်။ ယင်းအပြင် လမ်းမဘေးတွင် သစ်ပင်ကြီး အချို့ လဲကျနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ကျွန်းပေါင်း ၂၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသော လန်ပိ ဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်းတွင် ထိုသို့ ဖောက်လုပ်ထားခြင်းဖြစ်သည်။ ဝါးအလယ်ကျွန်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး အပန်းဖြေစခန်းများအနက် တစ်ခုဖြစ်သော ဝါးအလယ် အပန်းဖြေစခန်းရှိရာ ကျွန်းဖြစ်သည်။

ယင်းကျွန်းပေါ်တွင် စင်ကာပူ နိုင်ငံအခြေစိုက် Benchmade Asia Myanmar ကုမ္ပဏီက သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် စုစု ပေါင်း ၁၀ဝ.၁၅ ဧက ပေါ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည်။ ၃၉.၂၅ ဧက၊ ၅၃.၇၀ ဧကနှင့် ၇.၂၀ ဧက အသီးသီး ရှိသော ဧရိယာဇုန် သုံးခုတွင် လုပ်ကိုင် ခွင့်ရရှိထားခြင်း ဖြစ်သည်။

လန်ပိထိန်းသိမ်းရေး ဧရိယာအတွင်း တောတွင်းလျှောက်လမ်းကဲ့သို့သော လမ်းသာ ဖောက်လုပ်ခွင့်ရှိပြီး တောရိုင်းတိရိစ္ဆာန်များသွားလာသည့် လမ်းများကိုသာ အခြေပြု ဖောက်လုပ်ခွင့်ရှိကြောင်း လန်ပိအဏ္ဏဝါဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောကြားသည်။

“တောတွင်းလျှောက်လမ်းက စံသတ်မှတ်ချက်တွေ အများကြီးရှိ တယ်ခင်ဗျား။ သဘာဝခရီးသွားနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို တော်တော်များများရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဝါးအလယ်အပန်းဖြေစခန်း အနေ နှင့် အပန်းဖြေစခန်း လုပ်ကိုင်ခွင့်ရရှိ ထားသော ဇုန်တစ်ခုနှင့် တစ်ခု ဆက် သွယ်ရန် ထိုသို့ ဖောက်လုပ်ထားခြင်း ဖြစ်ပြီး သစ်ပင်မခုတ်ဘဲ ကြိမ်တောကို ဖြတ်ကာ ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ဝါးအလယ်အပန်းဖြေစခန်း အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ် က တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

“သွားဖို့ လာဖို့ လမ်းဖောက်ဖို့ သဘောတူညီပြီးသားပါ” ဟု ၎င်းက ဇန်နဝါရီ ၁၅ ရက်နေ့က ပြောကြား သည်။ လမ်းဧရိယာမှာ အပန်းဖြေစခန်း လုပ်ကိုင်ခွင့်ရ မြေဧက ၁၀ဝ ကျော်နှင့် သက်ဆိုင်ခြင်း မရှိဘဲ ဇုန်တစ်ခုချင်း ဆက်လမ်းဖြစ်ကြောင်း ဦးအောင် ဇင်လတ်က ဆိုသည်။

အပန်းဖြေစခန်းရှိသော နေရာတွင် လှေကဲ့သို့သော ရေယာဉ်များ ဆိုက်ကပ်ရန် အဆင်မပြေသဖြင့် ဧရိယာချင်း ဆက်လမ်း အရှည် ၁.၆၆ မိုင် ဖောက် လုပ်ထားခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။ သစ်ပင်များကို ရှောင်ကာ ဖောက်လိုသဖြင့် ထိုမျှ ရှည်သွားခြင်း ဖြစ်သည်ဟုဆိုသည်။ လမ်းဘေးတွင် လဲကျနေသော အပင်များမှာ အလိုအလျောက်လဲကျနေခြင်းဖြစ်ကြောင်း ဦးအောင်ဇင်လတ်က ရှင်းပြသည်။

“တည့်တည့်ဖောက်ရင် လေးငါး ဖာလုံပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် လမ်းစဖောက်သည့် နေရာနှင့် အပန်းဖြေစခန်းနေရာကို Google Map တွင် အတည့်တိုင်းပါက တစ်မိုင်ခန့် ရှိသည်။

လန်ပိ ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးကမူ ထိုသို့ လမ်းဖောက် ထားခြင်းကို မသိရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောဆိုထားသည်။

လမ်းဖောက်လုပ်ထားကြောင်း ဒေသခံတစ်ဦးမှ စတင်ထုတ်ဖော်ပြော ဆိုပြီးနောက် လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ သွားရောက်စစ်ဆေးနေကြောင်း သက်ဆိုင်ရာ သစ်တောဦးစီး ဌာနထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် ယခုနှစ် ခရီးသွားရာသီတွင် မဖွင့်နိုင်သေးသော ဝါးအလယ်ကျွန်း အပန်းဖြေစခန်း၏ တစ်ရက် တည်းခိုခနှုန်းထားမှာ ခရီးသည် ပါးချိန်တွင် အနည်းဆုံး ၄၂၅ ဒေါ်လာ (ကျပ်ငွေ ငါးသိန်းခွဲ) မှ ခရီးသွား များပြားချိန်တွင် အများဆုံး ဒေါ်လာ ၁၀ဝ၀ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) အထိ ရှိကြောင်း အပန်းဖြေစခန်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အများအားဖြင့် လူချမ်းသာများသာ လာရောက် တည်းခိုနေထိုင်နိုင်မည့် အပန်းဖြေစခန်း၏ တရားဝင် ဧရိယာ ဧက ရာချီသော်လည်း လန်ပိဒေသအတွင်း ဒေသခံ ထောင်ချီနေထိုင်သော ကျေးရွာမြေဧရိယာ ဆယ်ဂဏန်းမျှကိုသာ အစိုးရက ခွင့်ပြုထားသည်။

လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်တွင်း ယင်းအပန်းဖြေစခန်းကို မြေဧက ၁၀ဝ ကျော် ပေါ်တွင် ခွင့်ပြုထားချိန်တွင် ဒေသခံများ နေထိုင်သော အခြားရွာနှစ်ခုတွင် တရားဝင်သတ်မှတ် ခွင့်ပြုထားသော မြေဧကမှာ ယင်းထက်များစွာ နည်းပါးသည်။ လန်ပိဥယျာဉ်အတွင်း ကျေးရွာ မြေအဖြစ် တရားဝင်ခွင့်ပြုထားသော ကျေးရွာ နှစ်ရွာမှာ မကြုံဂလက်နှင့် ဝါးကျွန်း ကျေးရွာတို့ ဖြစ်သည်။

အိမ်ခြေစုစုပေါင်း ၂၀၆ ဆောင်၊ လူဦးရေ တစ်ထောင်နီးပါးရှိသော မကြုံဂလက်ရွာမြေမှာ ဧက ၆၀ နီးပါး၊ အိမ်ခြေ ၂၇၀၊ လူဦးရေ နှစ်ထောင်နီးပါး ရှိသော ဝါးကျွန်းရွာတွင် ရွာမြေနှင့် သာသနာပိုင်မြေ စုစုပေါင်းမှာ ၂၉ ဧက တို့ကို အစိုးရက သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးထားသည်။

ထိုကြောင့် အပန်းဖြေစခန်းနှင့် ဒေသခံများ တရားဝင်နေထိုင်နိုင်သည့် မြေဧကအကြား မညီမျှမှုအပေါ် ဒေသခံများက များစွာ မေးခွန်းထုတ်ကြသည်။

“ဒီလိုပဲ ကြပ်သိပ်နေရတာပဲ။ အချို့ကလည်း ကမ်းနားမှာ တိုက်ခန်းတွဲတွေ နဲ့နေတယ်။ အချို့ကလည်း တောင်ပေါ် မှာနေတယ်” ဟု ဝါးကျွန်း ဒေသခံ တစ်ဦး က ဆိုသည်။

ယင်းအပြင် အပန်းဖြေစခန်း တည်ရှိရာ ဝါးအလယ်ကျွန်းပေါ်တွင် လမ်းဖောက်ခွင့်ရပြီး မကြုံဂလက်ရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခွင့်မရခြင်းအပေါ် ဒေသခံ တစ်ဦး က မေးခွန်းထုတ်သည်။

မကြုံဂလက်ကျေးရွာ၌ ၂၀ဝ၄ ခုနှစ်တွင် ဆလုံပွဲတော် ကျင်းပစဉ်က ဖောက်ထားသည့် လမ်းကို ကွန်ကရစ်ခင်းရန် ခွင့်မပြုခဲ့ကြောင်း မကြုံဂလက် ကျေးရွာမှ ဦးခင်မောင်ထွေးက ရှင်းပြသည်။

“ဒီလမ်းလေးကို မိုးတွင်းကျောင်းသားတွေ သွားရလာရခက်ခဲလို့ ကွန်ကရစ်လမ်းခင်းချင်တာ သစ်တော ဧရိယာထဲမှာ မို့ ခွင့်ပြုလို့မရဘူးတဲ့” ဟု ၎င်းက ဆိုသည်။

တရားဝင်ခွင့်ပြုထားသော အပန်းဖြေစခန်း ဧရိယာအပြင် လမ်းဧရိယာကိုပါ ထည့်သွင်းတွက်ချက်ပါက ဧရိယာ ဧကအကျယ် များစွာရှိကြောင်း ဆလုံအရေးနှင့် မြိတ်ကျွန်းစုအရေး လှုပ်ရှားတက်ကြွသူတစ်ဦးလည်း ဖြစ်သူ ဦးခင်မောင်ထွေးက ပြောသည်။

“အာဆီယံ အမွေအနှစ် ဥယျာဉ်ကြီးထဲမှာ ဒီလို ဘက်ဖိုးယန္တရားကြီးတွေနဲ့ သစ်ပင်တွေ ခုတ်လှဲပြီး ဖောက်ခွင့်ပြုတာ သစ်တော ဥပဒေနဲ့ ညီလား” ဟု သူက မေးခွန်းထုတ်သည်။

ခွန်းသု