တနင်္သာရီတိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ၁၃ ခု ထပ်ဖွင့်မည်

0
150
ကျေးလက်ကျန်းမာရေးဌာန

တနင်္သာရီတိုင်းတွင် ကျေးလက် ကျန်းမာရေးဌာနခွဲအသစ် ၁၃ ခု ထပ်ဖွင့် မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ထားဝယ်မြို့နယ် မေတ္တာတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခုလည်း ပါဝင်သည်။

ကျေးလက်ကျန်းမာရေးဌာန

ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုပါက ကျေးရွာ၏ အခြေအနေ၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ကြည့်ကာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ အသစ်ဖွင့်လှစ်ပေးရန် ဝန်ကြီးဌာနသို့ တင်ပြပေးသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယင်းအပြင် လူဦးရေများသည့် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများ က မနိုင်ဟုတင်ပြပါကလည်း ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်ခွင့်ပေးရန် ဝန်ကြီးဌာနသို့ တင်ပြသည်ဟု အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်း က ပြောသည်။

ကျေးရွာများတွင် လူဦးရေ ၃၀ဝ၀ မှ ၅၀ဝ၀ ကြားကို ကျန်းမာရေးဝန်ထမ်း တစ်ဦး တာဝန်ချထားပြီး အချို့ကျေးရွာများတွင် လူဦးရေနည်းသဖြင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးလျှင် နှစ်ရွာ၊ သုံးရွာကို တာဝန်ယူရသည်ဟု ဒေါက်တာ ထွန်းမင်းက ရှင်းပြသည်။

ဓာတ်ခွဲ စစ်ဆေးသည့် နေရာ
ကျေးလက်ကျန်းမာရေးဌာန

ကျေးလက်ကျန်းမာရေးဌာနခွဲတွင် သားဖွားဆရာမ တစ်ဦး၊ ကျန်းမာရေး ကြီးကြပ် ၂ တစ်ဦး ထားပေးသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျေးလက်ကျန်းမာ ရေးဌာန တစ်ခုနှင့် ဌာနခွဲ ၁၃ ခု ခွင့်ပြုချက် ကျလာပြီဖြစ်သဖြင့် မြေနေရာရှာခြင်း၊ မြေနေရာ ရပါက အဆောက်အဦဆောက်ရန် ဘတ်ဂျက်လျာထား တောင်းခံခြင်းနှင့် ကျန်းမာရေးဝန်ထမ်း များခန့်အပ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းမင်းက ဆိုသည်။

အသစ်တည်ဆောက်မည့် ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှာ ထားဝယ်မြို့ နယ် မေတ္တာတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခု၊ ထားဝယ်မြို့နယ်ရှိ သဗြုချောင်း၊ ထီးထ၊ ကျောက်ထုကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ သုံးခု၊ မြိတ်မြို့နယ်ရှိ အလယ်ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲ၊ ကိုးအင်း ကျေးရွာများတွင် ဌာနခွဲ နှစ်ခု၊ ကျွန်းစု မြို့နယ်ရှိ ကျောက်ကုန်း၊ ကုလားကျွန်း (သန္တာကျွန်း)၊ မြိုင်သာတွင် ဌာနခွဲ သုံးခု၊ ကော့သောင်းမြို့နယ်ရှိ လုံဖော ကျေးရွာတွင် ဌာနခွဲ တစ်ခု၊ ပုလောမြို့နယ်ရှိ ကျောင်းနိမ့်၊ ဘန်ကတိုးကျေးရွာတွင် ဌာနခွဲ နှစ်ခု၊ ရေဖြူမြို့နယ်ရှိ နတ်တွင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုတို့ ဖြစ်သည်။

ကျေးလက်ကျန်းမာရေးဌာန

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးအပ်နိုင်ရန် ဆေးရုံ အသစ်ဖွင့်လှစ်ခြင်း၊ ဆေးရုံခုတင် တိုးမြှင့်ခြင်း၊ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ဒေသန္တရ ကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေးဌာနများနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများကို အသစ်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမြင့်