မလျော်သြဇာသုံး အနိုင်ကျင့်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ တိုင်ကြားခံရ

0
514
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ်၊ သကျက်တော ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စုစုပေါင်း လူ ၂၀ ကျော်မှာ မလျော်သြဇာသုံး အနိုင်ကျင့်သည်ဟုဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ရမ်းဇုကီးရွာသား ကိုဇော်မင်းလတ်က ဒီဇင်ဘာလ ၂၅ ရက် ရက်စွဲဖြင့် စာပို့တိုင်ကြားလိုက်သည်။

ပြီးခဲ့သည့်အပတ်က တနင်္သာရီ အပတ်စဉ်တွင်ဖော်ပြခဲ့သည့် “တစ်ရွာလုံးကိုဗစ်ထောက်ပံ့ကြေးမရသည့်ရွာ” သတင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်က ညနေပိုင်းတွင် သကျက်တော အုပ်ချုပ်ရေးမှူး၊ သကျက်တောရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူ ၂၀ ဦးဖြင့် ခြိမ်းခြောက်အင်အားသုံးပြီး ကိုဇော်မင်းလတ်အား လာရောက်ခေါ်ယူခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသောအချက်များသည် ကိုဇော်မင်းလတ်က ကျေးရွာဂုဏ်သိက္ခာကျဆင်းစေရန် ပြောဆိုခဲ့ခြင်းကြောင့် နောက်နောင် ထိုသို့ပြောဆိုခြင်း မပြုရန် အတင်းအဓမ္မဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ခေါ်ယူလက်မှတ်ထိုးခိုင်းချိန်သည် ညအချိန်ဖြစ်နေခြင်း၊ လူများရှိနေချိန်တွင်ဖြစ်သောကြောင့် အသက်အန္တရာယ်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးခဲ့ရကြောင်း ကိုဇော်မင်းလတ်က ပြောသည်။

“ကျွန်တော်မိသားစုမှာ လုံခြုံမှုမရှိဘူးဆိုရင် အရမ်းအန္တရာယ်များတယ်” ဟု ကိုဇော်မင်းလတ်က ဆိုသည်။

သကျက်တောအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်ကလည်း ကိုဇော်မင်းလတ်အား ရမ်းဇုကီးတွင် မနေထိုင်ရန် လာရောက်နှင်ထုတ်ခဲ့ဖူးကြောင်း မှတ်တမ်းဓာတ်ပုံနှင့်တကွ ဖော်ပြတိုင် ကြားထားသည်။

သကျက်တောရဲကင်းစခန်းတာဝန် ရှိသူကမူ ကိုဇော်မင်းလတ်အား ကျေးရွာသားများက ရန်ပြုမည်ကို တာဆီးရန်အတွက် ရဲစခန်းသို့ ခဏတာ ခေါ်ယူထားခြင်းသာဖြစ်ကြောင်း အခင်းဖြစ်ညက ပြောဆိုခဲ့သည်။

တိုင်ကြားခံထားရသူများအထဲတွင် ပါဝင်သည့် သကျက်တောကျေးရွာ အုပ် ချုပ်ရေးမှူး ဦးဟိုရှိန်ကလည်း ကိုဇော်မင်းလတ်အား အနိုင်ကျင့်ခြင်း မရှိကြောင်း ပြောဆိုသည်။

“စာကျလာရင် တိုင်စာပေါ်မှာပဲ ပြန်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမယ်” ဟု ဦးဟိုရှိန်က ဆိုသည်။

တစ်ရွာလုံး ကိုဗစ်ထောက်ပံ့ကြေး မရသည့်သတင်းတွင် ထောက်ပံ့ကြေးမရကြောင်း ထုတ်ဖော်ပြောဆိုသူများမှာ ကိုဇော်မင်းလတ်မဟုတ်ဘဲ ရမ်းဇုကီး ဒေသခံအချို့သာ ဖြစ်သည်။

သကျက်တောအုပ်ချုပ်ရေးမှူးကမူ တစ်ရွာလုံး ထောက်ပံ့ကြေးမရဆိုသည်မှာ မဟုတ်ဘဲ ရမ်းဇုကီးအလုပ်စခန်းရှိ သကျက်တောရွာသားများအားလုံး ထောက်ပံ့ကြေးပေးပြီးသားဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေးမရဟုဆိုသူများမှာ အခြားရွာမှ ပြောင်းလာသူများသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျော်သူစိုး