ပြန်မရနိုင်တော့သည့် ကြွယ်ဝမှု

0
857

ကိုဗစ် ကပ်ဘေး ကာလအတွင်း လူအများ ခရီးသွားလာခွင့် ကန့်သတ်မှု များပြားသည်နှင့် အမျှ အပန်းဖြေ လည်ပတ်စရာ ရှားပါးလာသည်။

ကမ်းခြေ၊ ရေတံခွန်၊ ဘုရားစေတီများ လူစုလူဝေး ခွင့်မပြုဘဲ ပိတ်ထားခြင်းကြောင့် သွားရောက် လည်ပတ်စရာ နေရာသစ်များ ရှာဖွေလည်ပတ်လာကြသည်။

ယင်းတွင် တောင်တက်ခရီးသွားခြင်း၊ တောတွင်း လမ်းလျှောက်ခြင်း၊ စခန်းချခရီးသွားခြင်း၊ စက်ဘီးစီးခြင်း၊ ဝေးလံသော ကမ်းခြေများသို့ ခရီးသွား အပန်းဖြေခြင်း စသည့် ပုံမှန်အားဖြင့် လူအများစု စိတ်ဝင်စားလေ့မရှိသော အပန်းဖြေလှုပ်ရှားမှုများ လုပ်ဆောင်လာကြသည်။ ယင်းသို့သော လူထု နှစ်ခြိုက်သည့် အပန်းဖြေရာ နေရာများသည် သဘာဝတောတောင်ရေမြေ ကောင်းမွန် သန့်ရှင်းသော နေရာများ ဖြစ်လေ့ရှိသည်။

ပို၍ အရေးကြီးသည်မှာ ယင်းသို့သော နေရာများသည် အများပြည်သူပိုင် နေရာများ ဖြစ်မှသာ လူထုက လွတ်လပ်စွာ အပန်းဖြေ အနားယူနိုင်ပြီး အစိုးရကလည်း လူထုအကျိုးကို ပိုမျက်နှာမူ စီမံခန့်ခွဲနိုင်သည်။

မြန်မာနိုင်ငံသည် ပိုမို ဖွံ့ဖြိုးရန် လိုအပ်သည်နှင့်အညီ လမ်း၊ တံတား၊ နေအိမ် အဆောက်အအုံများ ပိုမိုတည်ဆောက်ရန် လိုအပ်သည်မှာ မှန်ပါသည်။

မြန်မာနိုင်ငံသည် ဆင်းရဲသော နိုင်ငံတစ်ခုဖြစ်ရာ ရေမြေတောတောင် သယံဇာတများကို ထုတ်ယူသုံးစွဲ၍ ဝင်ငွေရှာရန် လိုအပ်နေဆဲ ဖြစ်သည်မှာ မှန်ပါသည်။

သို့သော် ထိုသို့သော အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ သယံဇာတများ ထုတ်ယူခြင်းတို့တွင် အစိုးရ၏ မူဝါဒ လျော့ရဲခြင်း၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း၊ လူနေအိမ်များ ထင်သလို ချဲ့ထွင်လုပ်ဆောင်မှုကို မစီမံနိုင်ခြင်း တို့ဖြစ်ပါက အများပြည်သူ အပန်းဖြေနေရာများ တဖြည်းဖြည်း ပျောက်ဆုံး၊ ပျက်စီးသွားနိုင်သည်။

ဆင်းရဲသဖြင့် ရေမြေတောတောင် သယံဇာတများ ထုတ်ယူရောင်းချရန် လိုအပ်သည်။ လူဦးရေများပြားလာသည်နှင့်အမျှ အခြေခံ အဆောက်အဦများ တည်ဆောက်ရန် လိုအပ်သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း နောင်တစ်ချိန်တွင် လူလတ်တန်းစား ပိုမိုများပြားလာပြီး ပိုမိုကြွယ်ဝလာချိန်တွင် ဇိမ်ခံအပန်းဖြေတတ်သော လူထုအရေအတွက် ပိုမိုများပြားလာမည် ဖြစ်သည်။

ယနေ့ စီမံအုပ်ချုပ်မှု ညံ့ဖျင်းပါက နောင်တွင် ဇိမ်ခံအပန်းဖြေသော လူဦးရေ များပြားလာချိန်တွင် အနားယူအပန်းဖြေစရာ အများပြည်သူပိုင် နေရာများ မရှိသလောက်ဖြစ်သွား နိုင်သည်။

ထိုကြောင့် ကြွယ်ဝချမ်းသာမှုအကြောင်း စဉ်းစားစီမံရာတွင် ယနေ့ ဆင်းရဲတွင်းမှ တက်ရေး တစ်ခုတည်းကိုသာ ဦးမတည်သင့်ဘဲ နောင်ချမ်းသာလာချိန် လူထု၏ နေထိုင်စားသောက်ရှင်သန်မှုကိုပါ ထည့်သွင်းတွက်ချက်ရေး အရေးကြီးပါကြောင်း အထူးဖော်ပြလိုပါသည်။

အယ်ဒီတာ (ဒီဇင်ဘာ ၂၅၊ ၂၀၂၀)