တရားမဝင် အုတ်ဖုတ်လုပ်ငန်း ဖယ်ရှားပေးရန် ရွာသားများ လက်မှတ်ထိုးတိုင်ကြား

0
184
Dawei Watch, Dawei News, Dawei News Media

ရွာအနီးလာရောက် လုပ်ကိုင်နေသည့် တရားမဝင်အုတ်ဖုတ် လုပ်ငန်းအား ဖယ်ရှားပေးရန် ရွာသားများ လက်မှတ်ထိုးကာ တိုင်ကြားလိုက်ကြသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က မဇောကျေးရွာနေ ရွာသား ၄၀ ကျော်မှ လက်မှတ်ရေးထိုးကာ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

မဇောကျေးရွာအုပ်စု၊ ပြင်ကြီး ကျေးရွာ စားကျက်မြေ လေးဧကပေါ်တွင် လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး အုတ်ဖုတ်လုပ်ငန်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကို စိုးရိမ်သည့်အတွက် တိုင်ကြားရခြင်းဖြစ်သည်ဟု ယင်းရွာသားများက ပြောသည်။

အုတ်ဖိုသည် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်ရှိပြီး ကိုက် ၂၀ဝ ဝန်းကျင်ခန့် တွင် ကျေးလက်ဆေးပေးခန်း၊ အထက်တန်းကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ ၅၀ဝ ခန့်ရှိ ကျေးရွာနှစ်ရွာလည်း ရှိနေသည်။

“ရွာသားအားလုံးရဲ့ ဆန္ဒကတော့ လုံးဝကိုမလုပ်စေချင်ဘူး” ဟု ယင်းရွာသား ဦးအောင်ဝင်းနိုင် ကပြောသည်။

စားကျက်မြေပေါ်တွင် အုတ်ဖုတ် လုပ်ငန်းလုပ်ကိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့အား တင်ပြတောင်းခံပြီးမှ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု အုတ်ဖုတ်လုပ်ငန်းရှင် ဦးလူနီက ပြောသည်။

အုတ်ဖုတ်လုပ်ငန်းလုပ်ပြီး ကျေးရွာ စာသင်ကျောင်းအတွက် ရန်ပုံငွေသိန်း ၂၀ လှူရန်နှင့် ယင်းကျေးရွာအုပ်စုအတွင်း မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အုတ်ဖုတ်ခဲ့သည့်နေရာတွင် ရေကန်တစ်ခုလုပ်ပေးရန်လည်း တင်ပြထားကြောင်း ၎င်းက ပြောပြသည်။

“တင်ပြထားတဲ့အပေါ် ညှိနှိုင်း ပေးမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရပ်မိရပ်ဖကလည်း သဘောတူတယ်။ ဒါပေမဲ့ ရာသီအမီ လုပ်ခဲ့မိတဲ့အတွက် ကျွန်တော့်မှာ အပြစ်ရှိသွားတာပါ” ဟု ၎င်းက ပြောသည်။‌

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မဇော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ကမူ လုပ်ကိုင်ခွင့်ကို တင်ပြထားသည့် အဆင့်သာရှိသေးကြောင်း ပြောသည်။

“တခြားရွာတွေမှာလည်း ရွာသားတွေကျေနပ် လက်ခံရင် လုပ်နေကြတာ ရှိတယ်။ ကန့်ကွက်လာရင်တော့ တစ်မျိုးပေါ့” ၎င်းက ပြောသည်။

တိုင်စာအရ မြို့နယ်အထွေထွေအုပ် ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ မကြာ မီရက်ပိုင်းအတွင်း လာရောက်စစ်ဆေးမည်ဟု ကြားသိရကြောင်း ဦးမျိုးလွင်က ဆိုသည်။

မဇောကျေးရွာအုပ်စုတွင် အုတ်ဖို ငါးခုရှိပြီး မိမိတစ်ဦးတည်း ကန့်ကွက် ခံနေရကာ ယခုကန့်ကွက်မှုသည်လည်း ဒုတိယအကြိမ်ဖြစ်သည့်အတွက် တရားမျှတမှုမရှိဟု ခံစားရကြောင်း လုပ်ငန်းရှင် ဦးလူနီက ပြောသည်။

“လုပ်ငန်းလုပ်ပိုင်ခွင့်ကို ဥပဒေအရ တိတိကျကျကြပ်မတ်ပြီး နိုင်ငံတော် အနေနဲ့ လုပ်ပေးစေချင်တယ်။ မဟုတ်ရင် ကျွန်တော်တို့မှာလည်း နစ်နာမှုတွေ အများကြီးရှိတယ်” ဟု၎င်းကပြောသည်။

ကန့်ကွက်ခံရသည့် အုတ်ဖိုလုပ်ငန်းတွင် လက်ရှိအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၄၀ ကျော်ဝင်ရောက် လုပ်ကိုင်နေကြပြီး ကိုဗစ်ကာလအတွင်း ယင်း လုပ်ငန်းရပ်နားခံရလျှင် အလုပ်လက်မဲ့ ဖြစ်မည်ကို အလုပ်သမားများအနေဖြင့် စိုးရိမ်နေကြသည်။

ကိုဆန်း