ထိုင်းနိုင်ငံ အကျဉ်းထောင်နှင့် အချုပ်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ဝ ဦးကျော် ခုနစ်လကျော်ကြာ ထိန်းသိမ်းခံရ

0
158
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၀ဝ ဦးကျော်မှာ အချိန်ခုနစ်လကျော်ကြာသည်အထိ ထိန်းသိမ်းခံနေရကြောင်း ယင်းရွှေ့ပြောင်း အလုပ်သမားတချို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံ လန်စွမ်းမြို့ အကျဉ်း ထောင်မှ လွတ်မြောက်ပြီး ထောင်ဝင်းအတွင်း အဆောင်တစ်ခုတွင် ထိန်းသိမ်း ခံရပြီးနောက် တာဝန်ရှိသူတို့မှ ရနောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ယင်းထောင်မှ လွတ်မြောက်လာသူ မြိတ်မြို့နေ ဦးယုနိုင်က ပြောပြသည်။

“တစ်ခန်းမှာဆို အယောက် ၆၀ ကျော်အထိ နေနေရတယ်” ဟု ဦးယုနိုင်က ပြောသည်။

၎င်းနှင့် တစ်ခန်းထဲအတူနေသူများအနက် ထောင်နှင့် အချုပ်တို့မှ လွတ် မြောက်ခဲ့ပြီး အချိန်အနည်းဆုံး သုံးလမှ ခုနစ်လကျော်သည်အထိ ထိန်းသိမ်းခံနေသူများပါရှိကြောင်း ဦးယုနိုင်က ပြောပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ က ရနောင်းမြို့မှ ပုံမှန်အတိုင်း နေရပ် ပြန်လာသူ ၅၄ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် အချုပ်နှင့် အကျဉ်းထောင် အသီးသီးတို့မှ ပြန်လည်လွတ်မြောက် လာသူ ၁၄၉ ဦးတို့အား နှစ်နိုင်ငံတာဝန် ရှိသူတို့မှ လွှဲပြောင်းပေးခဲ့ကြောင်း Foundation for Education and Development(FED) ၏ ကော့သောင်း ရုံးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း Foundation for Education and Development(FED) သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာဘက်သို့ မလွှဲပြောင်းသေးဘဲ ထိန်းသိမ်းခံနေရသည့်အချိန်တွင် ဖုန်း ကိုင်ခွင့်မပြုခြင်း၊ ဖုန်းသုံးပြုပါက သိမ်းဆည်းခြင်းနှင့် မိသားစုဝင်များမှ လာရောက်တွေ့ဆုံပါက ဘတ်ငွေ ၁၀ဝ ပေးရခြင်း စသည့် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဦးယုနိုင်က ပြောပြသည်။

ကိုဗစ်ကာလအတွင်း နေရပ်ပြန်သူများမှာ ကွာရန်တင်းစခန်းသို့ဝင်ရောက် ရမည်ဖြစ်ပြီး ကော့သောင်းတွင် ကွာရန် တင်းစခန်းနှစ်ခုသာရှိသဖြင့် သက်ဆိုင် ရာဌာနတို့က လူဦးရေ အနည်းအများအပေါ်စီစဉ်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း FED ကော့သောင်းရုံးမှ သိရသည်။

မြင့်မိုရ်(မြိတ်)