စည်ပင်ဈေးကြီးအတွင်း ဆိုင်ခန်းကျူးကျော်မှုကြောင့် လျှောက်လမ်းကျဉ်းမြောင်း

0
153
Dawei Watch, Dawei News, Dawei News Media

ဆိုင်ခန်းများ ကျူးကျော်ပြီး ခင်းကျင်း ရောင်းချနေကြသဖြင့် ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ လူလျှောက်လမ်းများမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။

ဈေးအတွင်း ပင်မဝင်ပေါက်၏လမ်းအကျယ်မှာ ၁၀ ပေ ဝန်းကျင်ရှိသော် လည်း အချို့နေရာများတွင် ဆိုင်ခန်းများ ကျူးကျော်ခင်းကျင်းမှုများကြောင့် ငါးပေဝန်းကျင်ခန့်သာ ကျယ်တော့သည်။

ထို့အပြင် တိုက်တန်းဟုခေါ်သည့် ဈေးရုံအတွင်းရှိ လမ်းအကျယ်မှာလည်း သုံးပေဝန်းကျင်ခန့်သာ ကျယ်သည်။

ယင်းကဲ့သို့ အခင်းအကျင်းမှာ လူစည်ကားသည့်ရက်များတွင် ဈေးဝယ်သူများ အခက်တွေ့လေ့ရှိပြီး ခါးပိုက်နှိုက် အန္တရာယ် စိုးရိမ်ရကြောင်း ဈေးကြီး တောင်ဘက်နေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဈေးတာဝန်ရှိသူတွေကလည်း ကြပ်ကြပ်မတ်မတ် လုပ်တာမျိုး မရှိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ဈေးအတွင်းဝင်ရောက်ရာတွင် ဆိုင်ခန်းပစ္စည်းများကို မတော် တဆထိမိပါက ဆိုင်ရောင်းချသူအချို့၏ ပြန်လည် ရန်တွေ့သည့် ဖြစ်စဉ်များ ဖြစ်ခဲ့ဖူးကြောင်း ဈေးကြီးအနီးတစ်ဝိုက်တွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆိုင်ခင်း ကျင်းရောင်းချရမည့် ဧရိယာကို မျဉ်းတားပြီး ကြပ်မတ်ရန်ရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ပြောသည်။

“အဲဒါတွေကတော့ ကျွန်တော်တို့ စည်းကမ်းပြန်ထိန်းရမှာပေါ့နော်။ သေချာ မျဉ်းတားပြီးတော့ ဒီဟာကို နောက်ဆုတ် ခိုင်းရမယ်။ ဒါကိုလုပ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု အမှုဆောင်အရာရှိက ဆိုသည်။

ဈေးကြီးအတွင်းတွင် ယခင်ကတည်းက ဆိုင်ခန်းများခင်းကျင်းနိုင်သည့် နေရာသတ်မှတ်မျဉ်းရေးဆွဲထားသော်လည်း ယခုကဲ့သို့ ကျူးကျော်ရောင်းချနေကြခြင်းဖြစ်သည်။

ထို့အပြင် ဈေးအနီးတစ်ဝိုက်(ဈေးတောင်ဘက်) ရှိ အများပြည်သူလမ်းမပေါ်တွင်လည်း ရွေ့လျားယာဉ်ဖြင့် စပီကာဖွင့်ပြီး ဆိုင်ရောင်းချသူအချို့ကြောင့် အသံဆူညံခြင်းများရှိနေသည်။