မွန်တွင် ရွေးကောက်ပွဲအသုံးစရိတ် စာရင်းမတင်သည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးရှိ

0
217
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအသုံးစရိတ်စာရင်း မတင်သွင်းသည့် ကိုယ်စားလှယ် ခုနစ်ဦးရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲအသုံး စရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၀ ဦး ရှိခဲ့ပြီး ခုနစ်ဦးမှာ အချိန်မီ တင်သွင်းခြင်း မရှိပေ။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးသည် မဲဆွယ်စည်းရုံးခွင့်ပြုသည့် နေ့မှစ၍ ရွေးကောက်ပွဲအတွက် စုစုပေါင်း ငွေကျပ်သိန်း ၁၀ဝ (တိုင်းရင်းသားရေး ရာဝန်ကြီးနေရာဖြစ်ပါက ကျပ်သိန်း ၁၅၀) သုံးစွဲရှိသည်။

သတ်မှတ်ရက်အတွင်း အဆိုပါ အသုံးစရိတ်ကို တင်သွင်းခြင်းမပြုပါက အနိုင်ရကိုယ်စားလှယ်ဆိုလျှင် အနိုင်ရ လဒ်ပျက်ပြယ်မည်ဖြစ်ပြီး အခြားကိုယ် စားလှယ်လောင်းများအနေနှင့် နာမည် ပျက်စာရင်းသွင်းခံရကာ ငါးနှစ်အတွင်း ကျင်းပသည့် မည်သည့်ရွေးကောက်တွင် မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပေ။

ရွေးကောက်ပွဲကုန်ကျစရိတ်ကိုစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က မဲရလဒ်များ ကြေညာ ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရခြင်းဖြစ်သည်။

ယင်းနေ့မှာ ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

“သတ်မှတ်ထားတဲ့ရက်မှာ တင်တာ မဟုတ်ဘူးဆိုရင် ပြည်ထောင်စုကို ဆက်လက်တင်သွင်းသွားမှာဖြစ်ပါတယ်။ အရည်အချင်းပျက်ယွင်းတဲ့ကိစ္စကတော့ ပြည်ထောင်စုကနေ ဆုံးဖြတ်တာ ပေါ့နော်” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ရွေးကောက်ပွဲအသုံးစရိတ်စာရင်း မတင်သွင်းသည့် ကိုယ်စားလှယ် ခုနစ်ဦးတွင် ပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းပါဝင်သလို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း လည်းပါဝင်သည်ဟု ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကုန်ကျစရိတ်စာရင်းများ တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် သတ်မှတ်ငွေကြေးပမာဏထက် ပိုမိုသုံးစွဲထားသည့် ကိုယ်စားလှယ်လောင်း မရှိကြောင်း ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က ပြောသည်။