ခွင့်ပြုချက်မဲ့ သဲထုတ်ယူနေမှုကို တိုင်ကြား၊ စုံစမ်း စစ်ဆေးမည်ဟုဆို

0
179
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကမ်းခြေအော်၊ ချောင်းဝတွင် ခွင့်ပြုချက် မရှိဘဲ စီးပွားဖြစ် သဲထုတ်ယူ သုံးစွဲနေမှုကို တားဆီး၊ အရေးယူပေးရန် ဒေသခံ ၂၈ ဦးက လက်မှတ်ထိုးကာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဒီဇင်ဘာလ ၁၆ ရက်က တိုင်ကြားလိုက်သည်။

ခွင့်ပြုချက်မဲ့ သဲထုတ်ယူသုံးစွဲနေသော နေရာမှာ ဒေသခံများ သဲပုံစေတီပွဲ ကျင်းပသည့် နေရာအနီးအနားတွင်ဖြစ်သည်။

သဲထုတ်ယူသုံးစွဲသူများမှာ ဆောက်လုပ်ရေးတွင် အသုံးပြုရန်လိုအပ်သည့် သဲကို ထော်လာဂျီ၊ ကား စသည်တို့ဖြင့် နေ့တိုင်းနီးပါး ထုတ်ယူနေကြပြီး တစ်နေ့လျှင် အနည်းဆုံး ငါးစီးခန့်ထုတ်ယူနေကြကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ သဲထုတ်ယူနေခြင်းကြောင့် ပင်လယ်လှိုင်းလုံးများ ရွာထဲအထိ တိုက်ရိုက်ဝင်ရောက်လာပြီး နေအိမ်ပျက်စီးခြင်း၊ သဲပုံစေတီတော်ပွဲပြုလုပ်နေသည့် သဲသောင်ပျက်စီးသွားနိုင်ခြင်း၊ ငါးဖမ်းလှေများ နားခိုသည့် နေရာ ပျောက်သွားနိုင်ခြင်းများ ဖြစ်လာနိုင်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထား သည်။

“ဒီမှာနေတဲ့သူတွေက ရွာထဲမှာ မြေရှိတဲ့သူလည်း မရှိဘူး။ အိမ်ရှိတဲ့ သူလည်း မရှိဘူး။ ဒီနေရာ လေးသာ ပျောက်ကွယ်သွားရင် ကျွန်မတို့ ဘယ်မှာ သွားနေရမလဲ” ဟု ယင်းနေရာတွင် နေထိုင်သည့် မအေးအေးမြင့်က ပြောသည်။

သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ကျော် ကမူ ယင်းကဲ့သို့ သဲထုတ်ယူနေသည်မှာ ခွင့်ပြုထားခြင်းမရှိဘဲ နားလည်မူနှင့် ထုတ်ယူနေခြင်းသာဖြစ်ကြောင်း ပြောသည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းထွေး ကမူ ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ သဲထုတ် ယူသုံးစွဲနေခြင်းကို တားမြစ်သင့်ကြောင်း ပြောဆိုသည်။

အဆိုပါကိစ္စအား စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကံထူးက ပြန် လည်ဖြေကြားခဲ့သည်။

“ထုတ်ယူခွင့်တော့မရှိပါဘူး။ အရေးယူဆောင်ရွက်မည့်အပိုင်းကတော့ နေရာသေချာမသိရသေးလို့ သွားကြည့် စုံစမ်းစစ်ဆေးပြီးမှ ပြောနိုင်မယ်” ဟု ၎င်းက ပြောသည်။

သဘော့ဆိပ်ကမ်းခြေအော်တွင် လူဦးရေ ၄၀ဝ ဝန်းကျင် နေထိုင်နေကြပြီး ၎င်းတို့နေထိုင်သည့် နေရာမပျောက် သွားစေရန်အတွက် သဲထုတ်ယူသုံးစွဲနေ ခြင်းကို အမြန်ဆုံးရပ်တန့်ပေးရန် လိုလားနေကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ဟိဏ်းဇော်