အမေရိကန်ဒေါ်လာသန်း ၁၀ဝ ဖြင့် ဖော်ဆောင်မည့် စီမံကိန်း ‌ ကမ်းဝေးလှေများကြောင့် ပျက်စီးဆုံးမှုများရှိနေ

0
186
Dawei Watch, Dawei News, Dawei News Media

အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖြင့် စီမံကိန်း ‌အကောင်အထည်ဖော်မည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ယောကြီးဝမြစ်တစ်ဖက်ကမ်းရှိ တောထွင်ကြီးကျေးရွာတွင် ကမ်းဝေးလှေများ ဝင်တိုက်ခဲ့သဖြင့် ဂွေးဖောင်များမှာ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း ယင်းရွာ နေသူတို့ထံမှ သိရသည်။

တောထွင်ကြီးရွာ‌နေသူအများစုမှာ ရွာအရှေ့ရှိ မြစ်တွင် ငါးပိပြုလုပ်ရန် ပိုက်နှင့် ဝါးလုံးဖောင်တို့ပြုလုပ်ကာ ဂွေးကောင်များဖမ်းဆီးခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဂွေးဖောင်များအား ညဘက်အချိန်တို့တွင် ဝါးလတ်၊ ဝါးတန်း စသည့် ကမ်းဝေးငါးဖမ်းလှေများက ဝင်တိုက်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ မကြာမကြာရှိ နေခဲ့ကြောင်း တောထွင်ကြီးရွာနေ ဦးညီညီထွေးက ပြောပြသည်။

“စီမံကိန်းကစမသေးဘူး။ ဖောင် လျော်ကြေးမပေးဘဲနဲ့ ဒေသခံတွေအပေါ်မှာ လေးစားမှုမရှိကြဘူး” ဟု ဦးညီညီထွေးက ပြောသည်။

တောထွင်ကြီးကျေးရွာတွင် ဒေါ်လာ သန်း ၁၀ဝ ရင်းနှီးမြှုပ်နှံမည့် ငှက်သိုက် လုပ်ငန်းအပြင် ငါးသိုလှောင်ရေးစခန်း၊ စက်မှုလက်မှုလုပ်ငန်းများ၊ လူနေအဆောက် အအုံ၊ ရေမီး ပေးဝေသည့် လုပ်ငန်းများပါ ဝင်သည့် စီးပွားရေးဇုန် စီမံကိန်းတစ်ခုကို Golden Myeik Development Co,.Ltd က အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညအချိန်က ကမ်းဝေးလှေတစ်စီးသည် ဂွေးဖောင်အား ဝင်တိုက်ခဲ့သဖြင့် လှေပိုင်ဆိုင်သူများနှင့် ညှိနှိုင်းနေရကြောင်း ဦးညီညီထွေးက ပြောသည်။

ဂွေးဖောင်များအား ကမ်းဝေးလှေ များတိုက်မိသည်ကို ကြားနေရပြီး ရုံးသို့လာရောက်တိုင်ကြားခြင်းမရှိကြောင်း မြိတ်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ပြောပြသည်။

ယောကြီးဝမြစ်အတွင်းရှိ ဂွေးဖောင်တို့အား ယခင်က သဲ၊ ကျောက်စုပ်စက် လှေများနှင့် တိုက်မိသည့် ဖြစ်စဉ်များရှိခဲ့ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ဦးညီညီထွေး က ပြောပြသည်။

အဆိုပါ ကမ်းဝေးလှေများ ဖြတ်သန်း မောင်းနှင်သည့်အချိန်တွင် ရေလှိုင်းကြောင့် လှေငယ်တချို့ တိမ်းမှောက်မှုများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

မြင့်မိုရ်(မြိတ်)