တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်မည်

0
173
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၊ အနောက်သာရဖုံကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း သုံးခု၊ ကော့သာင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ မာရမ်းကျေးရွာ၊ ဆိပ်ဖူး ကျေးရွာအနီးရှိ ပါချန်မြစ်ကမ်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လေးခုကို ဆောက်လုပ်မည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဦးဇေယျာထွန်းက ပြောသည်။

“တနင်္သာရီမြစ်ရဲ့ ကမ်းပြိုကာကွယ် ရေးလုပ်ငန်းတွေ လုပ်ရသလို အခု ဒီနှစ်မှာတော့ ပါချန်မြစ်ကတော့ နှစ်အလိုက်လုပ်ရတယ်။ ဘာလို့ဆို နယ်စပ် မြစ်ဖြစ်တယ်။ မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ကမ်းပြိုကာကွယ်ရေးတွေကို ဆောင်ရွက်ပေးရတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ရေတိုက်စားမှုနှင့် မြစ်ကမ်း ပါးပြိုကျမှုကြောင့် စိုက်ပျိုးမြေ မဆုံး ရှုံးစေရေးနှင့် မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ဆုံးရှုံးမှုတန်ဖိုး မြင့်မားနိုင်သည့် နေရာများတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေး ကဏ္ဍအလိုက် ဆောင်ရွက်သည်ဟု ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ် ပြီး ဘဏ္ဍာငွေရရှိသည့် အပေါ်မူတည်ကာ နှစ်အလိုက် ဆောင်ရွက်နေသည်ဟု ဦးဇေယျာထွန်းက ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံပိုင်သတင်းစာမှ တဆင့် တင်ဒါခေါ်ယူထားပြီး လုပ်ငန်းတစ်ခုအတွက် ငွေမည်မျှ သုံးမည်ဆို သည်ကိုမူ တင်ဒါခေါ်ယူနေဆဲဖြစ်သဖြင့် လတ်တလောပြော၍မရသေးဟု ၎င်းက ဆိုသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝ ကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးအတွက် အလျား ၂၂၀ဝ ပေ မြေထိန်းနံရံဟောင်းရှေ့ အခြေထိန်းအားဖြည့် ရေကာ တည်ဆောက် ခြင်း၊ အနောက်သာရဖုံကျေးရွာတွင် အလျား ၁၅၀ဝ ပေ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတမံတည်ဆောက် မည်ဖြစ်သည်။

ယင်းအပြင် ညောင်ပင်ကွင်းကျေး ရွာတွင် အလျား ၆၅၀ ပေ ဘိုးဘွား အခြေပြု ကျောက်စီမြေထိန်းတမံတည် ဆောက်မည်ဖြစ်သည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ မာရမ်းကျေးရွာအနီး၊ ပါချန်မြစ်ကမ်းတွင် ကမ်းပြိုကာကွယ်ရေးအတွက် အလျား ‌ပေ ၉၀ဝ ရှိ ကွန်ကရစ်ပိုင် အခြေပြုကျောက်စီမြေထိန်းနံရံ အပိုင်း (၁)-(၂) တည်ဆောက်မည်ဖြစ်သလို မာရမ်းကျေးရွာအနီးတွင် အလျား ၅၀ဝ ပေ ကျောက်စီမြေထိန်းနံရံတစ်ခုနှင့် ဆိပ်ဖူးကျေးရွာတွင် အလျား ၄၀ဝ ပေရှိ ကျောက်စီမြေထိန်းနံရံကိုလည်း တည်ဆောက်မည်ဖြစ်သည်ဟု အထက်ပါ ဌာနထံမှ သိရသည်။

မိုးမြင့်