ကော့သောင်းလျှပ်စစ်မီး မပျက်စေရေး စီမံထားဟု တင်ဒါအောင် ကုမ္ပဏီပြော

0
204
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ် မီးအချိန်ကြာကြာ မပျက်စေရေးစီမံထားကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် တင်ဒါအောင်ထားသည့် ဖိုးသီးချိုကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ် ဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးရန် ဖိုးသီးချို ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

သဘာဝဘေး အပါအဝင် အခြားအခြေအနေအမျိုးမျိုးကြောင့် ၂၄ နာရီ ပတ်လုံး မီးမပျက်စေရေးအတွက် ရပ်ကွက်အလိုက် အရန်မီးစက်များထားရှိပြီး စီမံထားကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီသုံးခု ဈေးနှုန်းတူ

“တစ်ခုခုဖြစ်ရင် တစ်ရပ်ကွက်ချင်းကို Back Up နဲ့ ပြန်ပေးလို့ရအောင် စက်တွေရှိပြီးသားဖြစ်တဲ့အတွက် ဒီဟာက ပူစရာနည်းတာပေါ့နော်” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ကော့သောင်းလျှပ်စစ်တင်ဒါကို ကုမ္ပဏီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ကုမ္ပဏီ သုံးခုသာ တင်ဒါအောင်မှတ်ရ ရှိခဲ့ရာတွင် လက်ရှိ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် KDDPC ကုမ္ပဏီ၊ ဖိုးသီးချိုကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီတို့ဖြစ်ပြီး ဖိုးသီးချိုကုမ္ပဏီက တင်ဒါအောင်မြင် သွားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသုံးခု၏ လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း အဆိုပြုချိန်တွင် KDDPC ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ဒသမ ဝ၈ ကျပ်၊ ဖိုးသီးချိုကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီတို့က ၂၃၈ ကျပ်စီ အသီးသီး အဆိုပြုခဲ့ကြသည်။

အဆိုပါကုမ္ပဏီသုံးခုစလုံးက ဒီဇယ်လောင်စာ အသုံးပြုပြီး လျှပ်စစ်ထုတ်မည် ဖြစ်ပြီး အထက်ပါအဆိုပြုဈေးနှုန်းမှာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းစရိတ်တို့ပါဝင်ပြီး သုံးစွဲသူလက်ဝယ်အရောက် ဈေးနှုန်းဖြစ်သည်။

ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်သုံးစွဲမှုအမြင့်ဆုံးအချိန်တွင် လျှပ်စစ် ၆ မဂ္ဂါဝပ်ခန့်အထိ သုံးစွဲအားရှိပြီး နောက်ထပ်တိုးလာမည့် လျှပ်စစ်သုံးစွဲမှု အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း အထက်ပါကုမ္ပဏီတာဝန်ရှိသူ က ဆိုသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနိုင်မည့်ကာလကို တင်ဒါစည်းမျဉ်းအတိုင်း မတ်လနောက်ဆုံးထားကာ မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။

ပထမအကြိမ်တင်ဒါကို ယခုနှစ်ဇွန် လဆန်းက ဖွင့်ဖောက်စစ်ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများ က Technical Proposal (နည်းပညာ အဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်ခဲ့သည်။ ထိုစဉ်ကလည်း တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။