ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီသုံးခု ဈေးနှုန်းတူ

0
164
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါဖွင့်ရာတွင် လျှပ်စစ်တစ်ယူနစ်အဆိုပြုဈေးနှုန်းတွင် ကုမ္ပဏီသုံးခုမှာ တူညီနေသည်။

အဆိုပါ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးတင်ဒါ၏ ကုမ္ပဏီ (Profile) နှင့် Technical (နည်းပညာပိုင်း) အတွက် အမှတ်ပေး ယှဉ်ပြိုင်သည့် တင်ဒါဖွင့် ဖောက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးနှုန်းအဆိုပြုခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါတင်ဒါကို ကုမ္ပဏီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ရာ သုံးခုသာ တင်ဒါအောင်မှတ်ရရှိခဲ့သည်။

လက်ရှိ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် KDDPC ကုမ္ပဏီ၊ ဖိုးသီးချို ကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီ တို့ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသုံးခု၏ လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း အဆိုပြုချိန်တွင် KDDPC ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ဒသမ ဝ၈ ကျပ်၊ ဖိုးသီးချိုကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီတို့က ၂၃၈ ကျပ်စီ အသီးသီး အဆိုပြုခဲ့ကြသည်။

အဆိုပါကုမ္ပဏီသုံးခုစလုံးက ဒီဇယ်လောင်စာ အသုံးပြုပြီး လျှပ်စစ်ထုတ်မည်ဖြစ်ပြီး အထက်ပါအဆိုပြု ဈေးနှုန်းမှာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းစရိတ်တို့ပါဝင်ပြီး သုံးစွဲသူလက်ဝယ်အရောက် ဈေးနှုန်းဖြစ်သည်။

တစ်ယူနစ် အဆိုပြုဈေးနှုန်းများ တူညီနေသည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ကုမ္ပဏီ (Profile) နှင့် Technical (နည်းပညာပိုင်း) ရမှတ် အနည်းအများအပေါ် မူတည်ပြီး ရွေးချယ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ကက်ဘိနက် (တိုင်းအစိုးရအဖွဲ့အစည်းအဝေး) ကို တင်ပြအတည်ပြုချက် ရယူပြီးတော့ အောင်မြင်တဲ့ဟာကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်သူရ က ပြောသည်။

ထိုသို့ အတည်ပြုချက်ရယူရန် အနီးစပ်ဆုံး ကျင်းပမည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပထမအကြိမ်တင်ဒါကို ယခုနှစ်ဇွန်လဆန်းက ဖွင့်ဖောက်စစ်ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများက Technical Proposal (နည်းပညာ အဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်ခဲ့သည်။

ထိုစဉ်ကလည်း တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းကို ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေး အများ နှင့်သက်ဆိုင်သောကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။